19/01/2024
ပန်ဒါနီလေးများအကြောင်း
小熊貓 (Red Panda)
တစ်ကိုယ်လုံးနီညိုရောင်၊ မျက်နှာလေးက အဖြူရောင်၊ ဝမ်းဗိုက်နှင့် ခြေလက်တို့က အနက်ရောင်နှင့် အမြီးရှည်ရှည် ပန်ဒါနီလေး Red Panda များကို တွေ့ဖူးကြလိမ့်မည်။ ပန်ဒါနီလေးသည် တမူထူးခြားသော သတ္တဝါများဖြစ်ကြပြီး ရက်ကွန်းဝံကဲ့သို့ အမွှေးပွပွ ရှည်လျားသောအမြီးများရှိကြသည်။ ထို့အပြင် ပန်ဒါနီလေးများသည် ကြောင်များကဲ့သို့ အသန့်အပြန့်ကြိုက်ကြပြီး ကြောင်များကဲ့သို့ မိမိကိုယ်ကို လျှာဖြင့်လျက်ကာ သန့်ရှင်းရေးလုပ်လေ့ရှိသည်။ ဝက်ဝံ၊ ရက်ကွန်းဝံ (Raccoon)၊ ပန်ဒါ (大熊貓 Giant Panda) နှင့် ပန်ဒါနီ (小熊貓 Red Panda) တို့သည် ဆက်နွယ်ခြင်းမရှိဟု ဆိုကြသည်။ ထို့ကြောင့် ပန်ဒါနီလေးများသည် ကိုယ်ပိုင်မျိုးစိတ်တစ်ခုအနေဖြင့် သီးခြားရပ်တည်နေထိုင်ကြသော သတ္တဝါလေးများ ဖြစ်ကြသည်။ ပန်ဒါနီလေးများသည် လသားအရွယ်ကလေး၏ အသံကဲ့သို့လည်း အသံထွက်တတ်ကြသေးသည်။
Panda ဆိုတဲ့အခေါ်အဝေါ် ဘယ်ကစသလဲ ?
Panda ဆိုသည့် ဝေါဟာရမှာ နီပေါဘာသာစကား pónya မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ pónya ဆိုသည်မှာ လုံးဝန်းသောခြေဖဝါး ဟု အဓိပ္ပာယ်ရသည်။ Red Panda များကို နီပေါဘာသာဖြင့် nigalya-ponya ဟု ခေါ်ဆိုကြပြီး အဓိပ္ပာယ်မှာ ဝါးရွက်စားသော ခြေဖဝါးလုံးများ ဖြစ်သည်။ အိန္ဒိယကို ဗြိတိသျှတို့ ကျူးကျော်ပြီးသည့်အခါမှ pónya ကို အင်္ဂလိပ်ဘာသာဖြင့် Panda ဟု အသံထွက်ရေးရာမှ Panda ဖြစ်လာသည်ဟု ယူဆကြသည်။
ပန်ဒါနီများ၏ လက္ခဏာ၊ အရွယ်အစားနှင့် အသက်အရွယ်
ပန်ဒါနီများကို တရုတ်လို 小熊貓၊ အင်္ဂလိပ်လို Red Panda ဟု ခေါ်သည်။ တရုတ်နိုင်ငံ၊ နီပေါနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဘူတန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင်သာ တွေ့ရှိနိုင်သည်။ ပန်ဒါနီများသည် ရက်ကွန်းဝံ (သို့မဟုတ်) ကြောင်ကြီးတစ်ကောင်နှင့် အလွန်ဆင်တူသည်။ ပန်ဒါနီများ၏ အမွှေးအရောင်မှာ နီညိုရောင်ဖြစ်ပြီး မျက်နှာတွင် အမွှေးဖြူ၊ ဝမ်းဗိုက်နှင့် ခြေလက်တို့တွင် အမွှေးနက်များ ရှိသည်။ ပန်ဒါနီများထံတွင် ရက်ကွန်းဝံကဲ့သို့သော ရှည်လျား၍ အမွှေးပွပွ နီညိုရောင်အမြီးရှိပြီး အဝါရောင်အမွှေးကွင်း ၆ ကွင်းပါရှိသည်က ထူးခြားချက်ဖြစ်သည်။
အရွယ်ရောက်ပြီးသား ပန်ဒါနီများ၏ ခန္ဓာကိုယ်သည် ပျမ်းမျှ ၅၀ စင်တီမီတာ (၂၀ လက်မ) မှ ၆၄ စင်တီမီတာ (၂၅ လက်မ) အထိ ရှည်လျားတတ်သည်။ သူတို့၏ အမြီးကချည်းပဲ ပျမ်းမျှ ၂၈ စင်တီမီတာ (၁၁ လက်မ) မှ ၅၉ စင်တီမီတာ (၂၃ လက်မ) ရှိလေသည်။ ပန်ဒါနီအထီး၏ ကိုယ်အလေးချိန်မှာ ပျမ်းမျှ ၆.၂ ကီလိုဂရမ် (၁၃.၇ ပေါင်) ဝန်းကျင်ရှိပြီး ပန်ဒါနီအမ၏ ကိုယ်အလေးချိန်မှာ ပျမ်းမျှ ၅ ကီလိုဂရမ် (၁၁ ပေါင်) ဝန်းကျင်ရှိသည်။ ပန်ဒါနီတို့၏ ရှင်သန်နိုင်သော ပျမ်းမျှအသက်မှာ ၈ နှစ်မှ ၁၀ နှစ်မျှသာ ရှိသည်။
အမူအကျင့်များ
ပန်ဒါနီများသည် ညမှကျက်စားသော သတ္တဝါများဖြစ်ကြပြီး နေ့အချိန်တွင် သစ်ပင်ပေါ်၌ အိပ်နေတတ်ကြပြီး ညအချိန်ကျမှ အစာရှာထွက်ကြသည်။ ပန်ဒါနီများသည် အိပ်ရာမှ နိုးထသည်နှင့် ကြောင်များကဲ့သို့ သူတို့၏ ခန္ဓာကိုယ်ကို ပွတ်တိုက်ပြီး ခြေလက်များကို လျှာဖြင့်လျက်ကာ သန့်ရှင်းရေးလုပ်တတ်ကြသည်။ နံနက်မိုးလင်းတိုင်း ရေအိုင်ကို ရှာဖွေကာ ရေချိုးတတ်ကြသည်။ အထီးများသည် သူတို့၏ ပိုင်နက်နယ်မြေကို အမှတ်အသားများ ပြုလုပ်ထားလေ့ရှိသည်။ ပန်ဒါနီများသည် ပန်ဒါများကဲ့သို့ပင် ဝါးရွက်၊ ဝါးမျှစ်တို့ကို ကြိုက်နှစ်သက်ကြသည်။ တစ်နေ့လျှင် ၁၃ နာရီလောက်က အစာရှာထွက်ကာ ဝါးရွက်၊ ဝါးမျှစ်တို့ကို စားသုံးကြလေသည်။ ပန်ဒါနီအမများက ပို၍ အစားကြီးပြီး တစ်ရက်လျှင် ဝါးရွက် ၂ သောင်းကျော်မျှ စားသောက်နိုင်ကြသည်ဟု ဆိုသည်။ ပန်ဒါနီများသည် ဝါးအပြင် ပိုးကောင်များ၊ ဥများ၊ မြက်နုများ၊ ပန်းများနှင့် အင်းဆက်များကိုလည်း စားသောက်တတ်ကြသေးသည်။
ပန်ဒါနီလေးများသည် လူကို ရန်မမူတတ်ပဲ အေးဆေးနေထိုင်တတ်သော သတ္တဝါများ ဖြစ်ကြသည်။ ပန်ဒါနီလေးများသည် ရန်လိုတိုက်ခိုက်တော့မည်ဆိုပါက မတ်တတ်ရပ်ပြီး လက်နှစ်ဖက်ကို မြှောက်ထားတတ်ကြသည်။ များသောအားဖြင့် သူတို့အချင်းချင်းသာ အစာလုရင်း တိုက်ခိုက်တတ်ကြသည်။ ပန်ဒါနီလေးများသည် လူကို အသက်အန္တရာယ်မပေးနိုင်ပေ။ သူတို့၏ တိုက်ခိုက်ခြင်းကို ခံရပါက ခွေးကိုက်သလောက်၊ ကြောင်ကုတ်သလောက် ဒဏ်ရာမျိုးသာ ရရှိနိုင်သည်။ သူတို့တိုက်ခိုက်တော့မည်ဆိုပါကလည်း အထက်မှာဆိုခဲ့သည့်အတိုင်း မတ်တတ်ရပ်ပြီး တစ်ဖက်က တုံ့ပြန်မှုကို စောင့်ကြည့်နေတတ်သည်။ ထို့အပြင် သူတို့၏ ရှည်လျားတုတ်ခိုင်သော အမြီးကလည်း သူတို့၏ အားနည်းချက်ဖြစ်ပြီး ရန်ပြုလာပါက ရှောင်တိမ်းကာ အမြီးမှဆွဲပြီး တခြားနေရာသို့ လွှင့်ပစ်လိုက်လျှင် ကြောက်ရွံ့ပြီး ရန်မပြုရဲတော့ပေ။
မျိုးပွားခြင်း
ပန်ဒါနီများသည် ၁၈ လသားအရွယ်ရောက်သည်နှင့် မိတ်လိုက်တတ်ကြသည်။ အရွယ်ရောက်ပန်ဒါနီ အထီးနှင့် အမတို့သည် ၎င်းတို့၏ မိတ်လိုက်ရာသီဖြစ်သည့် ဇန်နဝါရီလမှ မတ်လ အလယ်လောက်အထိ အတူတကွ မိတ်လိုက်မျိုးပွားခြင်းကို ဆောင်ရွက်ကြသည်။ ဤကာလအတွင်း အထီးများသည် သစ်ပင်များပေါ်တွင် ၎င်းတို့၏ လိင်အင်္ဂါကို ပွတ်တိုက်ခြင်း သို့မဟုတ် ဆီးသွားခြင်းများ ပြုလုပ်ကြသည်။ အမများသည် မိတ်လိုက်လိုသည့် အထီးကို မြေပြင်မှ ဖိတ်ခေါ်တတ်သည်။ မိတ်လိုက်ပြီးသကာလ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ ၁၃၄ ရက် ကြာမြင့်လေသည်။
ပန်ဒါနီကလေးများမမွေးမီ ၆ ပတ်အလိုတွင် ကိုယ်ဝန်ဆောင် ပန်ဒါနီအမသည် ကိုယ်လက်များ လေးလံလာသည်။ ထိုရက်များတွင် ပန်ဒါနီအမသည် လိုဏ်ဂူငယ်၊ သစ်ခေါင်းများအတွင်း၌ မြက်နုများ၊ သစ်ရွက်များ၊ သစ်တိုဝါးစများကို စုဆောင်းပြီး မီးဖွားရန်အတွက် အသိုက်ကို ပြုလုပ်လေ့ရှိသည်။ မီးဖွားချိန်ကာလမှာ နွေဦးရာသီနှင့် နွေရာသီတွင်ဖြစ်ပြီး ပန်ဒါပေါက်လေးများမှာ ဂျွန်လရောက်လျှင် အသိုက်ထဲမှ ထွက်လာကြပြီဖြစ်သည်။ ပန်ဒါနီများသည် တစ်ကြိမ်သားကျလျှင် ၁ ကောင်မှ အများဆုံး ၄ ကောင်သာ မွေးဖွားတတ်ကြသည်။ ပန်ဒါနီများသည် ၎င်းတို့ အတက်ကြွဆုံးအချိန်ဖြစ်သည့် နံနက် ၉ နာရီမှ နေ့လယ် ၄ နာရီအကြားတွင် မီးဖွားလေ့ရှိသည်။ ပန်ဒါနီအကောင်ပေါက်လေးများသည် မွေးဖွားကာစတွင် ၃ အောင်စမှ ၅ အောင်စကြားသာ ရှိကြသည်။ ပန်ဒါနီမိခင်သည် မီးဖွားသည့်အခါ မိမိ၏ သားပေါက်အနံ့ကို တစ်ခါတည်းမှတ်သားတတ်ကြသည်။ သားပေါက်လေး၏ အနံ့ကို မွေးစဉ်ကတည်းက အရွယ်ရောက်လာသည်အထိ မှတ်မိနိုင်သော အနံ့ခံမှတ်သားစွမ်းရည်ရှိသည်။ ထို့ကြောင့် ဉာဏ်ကောင်းသော သတ္တဝါထဲတွင် ပါဝင်ခြင်း ဖြစ်သည်။ ပန်ဒါနီမိခင်သည် သားပေါက်လေးများကို ရုန်းကန်တတ်စေရန် တစ်စထက်တစ်စ အနားမှ ခွာသွားတတ်ကြသည်။ သားပေါက်လေးများထံမှ နာရီအနည်းငယ်ကြာ ထွက်ခွာသွားတတ်ပြီး အသိုက်ရှိရာသို့ တစ်နာရီ နှစ်နာရီခန့် ပြန်လာကာ ပြုစုစောင့်ရှောက်ပေးခြင်းမျိုး လုပ်ပေးလေသည်။ ပန်ဒါနီဖခင်များသည် သားပေါက်လေးများကို ပြုစုပျိုးထောင်ရာတွင် အခန်းကဏ္ဍအနည်းငယ်မျှသာ ပါဝင်တတ်ကြသည်။
ပန်ဒါနီသားပေါက်လေးများသည် အသိုက်ထဲတွင် နေထိုင်ရသည်မှာ ရက် ၉၀ ဝန်းကျင်သို့ ရောက်လာသည်နှင့် အသိုက်ထဲမှထွက်လာကာ ၎င်းတို့၏ သဘာဝလောကကို စတင်လျှောက်လှမ်းရတော့သည်။ ပန်ဒါနီသားပေါက်များကို မိခင်က ၁၂ လသား အရွယ်ရောက်မှသာ နို့ဖြတ်လိုက်သည်။ ပန်ဒါနီမိခင်က သူမ၏ ကလေးငယ်များ အရွယ်ရောက်/မရောက်ကို မိတ်လိုက်ရာသီ မစတင်ခင်မှာပင် စမ်းသပ်လေ့ရှိသည်။ မိခင်က သားပေါက်များကို ရန်စတတ်ပြီး (Video တွင်ကြည့်) အကယ်၍ သားပေါက်လေးမှာ ရန်လိုနေပါက အရွယ်ရောက်ပြီဟု သတ်မှတ်သွားသည်။ ပန်ဒါနီတို့၏ သက်တမ်းမှာ ပျမ်းမျှ ၈ နှစ်မှ ၁၀ နှစ်အထိသာ ရှိသည်။ တရုတ်ပြည်တွင် အသက်အရှည်ဆုံး စောင့်ရှောက်ရေးပန်ဒါနီ၏ အသက်မှာ ၁၇ နှစ်အထိ ရှင်သန်နိုင်ခဲ့သည်ကို တွေ့ရသည်။ သဘာဝအတိုင်း ရှင်သန်ကျက်စားနေသော ပန်ဒါနီတို့၏ သက်တမ်းကိုမူ မသိရသေးပေ။ အကြောင်းမှာ သဘာဝတောတွင်း ပန်ဒါနီများသည် ညအချိန်၌သာ လှုပ်ရှားသွားလာတတ်ပြီး သိုသိပ်စွာ နေထိုင်တတ်သောကြောင့် မှတ်တမ်းယူရန် ခက်ခဲလှသည်။ ယခုအခါ ပန်ဒါနီအကောင်ရေပေါင်း ၁ သောင်းဝန်းကျင်သာ ကျန်ရှိတော့သည်ဟု ခန့်မှန်းရသည်။ ပန်ဒါနီအကောင်ရေ လျော့ကျလာခြင်းမှာ စားကျက်မြေ၊ နေစရာအရပ် ရှားပါးလာမှုနှင့် တရားမဝင် အမဲလိုက်သတ်ဖြတ်မှုတို့ကြောင့် ဖြစ်သည်။ ထို့ကြောင့် ပန်ဒါနီများကို တရုတ်ပြည်တွင် ဥပဒေဖြင့် အကာအကွယ်ပေးထားသည်။
တရုတ်ပြည်တွင် ပန်ဒါမျိုးစိတ်အားလုံးသည် နိုင်ငံတော်အဆင့်ကာကွယ်စောင့်ရှောက်ရမည့် တိရိစ္ဆာန်စာရင်းတွင် အဆင့် ၁ ဦးစားပေးအနေဖြင့် သတ်မှတ်ထားသည်။ ထို့အပြင် နိုင်ငံရတနာများအဖြစ်ပါ သတ်မှတ်ထားသေးသည်။ တရုတ်ပြည်၏ ရာဇသတ်ဥပဒေပုဒ်မ ၃၄၁၊ အပိုဒ်ခွဲ ၁ အရ နိုင်ငံတော်က ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးထားသည့် မည်သည့်စာရင်းဝင်တိရိစ္ဆာန်မျိုးကိုမဆို ညှဉ်းပန်းသတ်ဖြတ်ခဲ့ပါက ရာဇဝတ်ပြစ်မှုကြီးအဖြစ် သတ်မှတ်ရမည်ဖြစ်ပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှင့်တကွ ငွေဒဏ်ကိုပါ ပြစ်ဒဏ်ထမ်းဆောင်ရမည် ဟု ပါရှိသည်။ ထိုအထဲမှာမှ တမင်ရည်ရွယ်ချက်ရှိရှိ အမဲလိုက်သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းမျိုး တွေ့ရှိပါက ပြစ်ဒဏ်အမြင့်ဆုံးအဆင့်ထိ ရောက်ရှိသွားနိုင်ပေသည်။
crd # #