17/12/2022
Vaccination failure in Dogs
ခွေးများတွင် ကာကွယ်ဆေးမအောင်ခြင်း
ကျမဆီကို မကြာခဏမေးတတ်ကြတဲ့မေးခွန်းတစ်ခုက ကာကွယ်ဆေးထိုးထားရက်နဲ့ သွေးဝမ်းသွားတယ်၊ ကျောက်ပေါက်တယ် ဘာဖြစ်လို့လဲ ဆရာမ...
အဲ့ဒီမေးခွန်းကို ဒီ post လေးမှာ ရှင်းပြပါ့မယ်။
လူအပါအဝင် ခွေး၊ ကြောင်စတဲ့ အိမ်မွေးတိရစ္ဆာန်တွေ၊ နွား၊ဝက်တို့လို မွေးမြူရေးတိရစ္ဆာန်တွေကအစ သက်ရှိသတ္တဝါတွေမှာ အဖြစ်များတဲ့ရောဂါတွေကို ကာကွယ်ဖို့အတွက် အကောင်းဆုံးနည်းဟာ ကာကွယ်ဆေးထိုးခြင်းပဲဖြစ်ပါတယ်။
ဒါပေမယ့် ကာကွယ်ဆေးထိုးထားတိုင်း ကာကွယ်ဆေးအာနိသင်ရတတ်တာမဟုတ်ပဲ ကာကွယ်ဆေးမအောင်တာမျိုးတွေရှိတတ်ပါတယ်။
၁။ Ineffective Vaccine
အရည်အသွေးနဲ့ အာနိသင်မပြည့်ဝတဲ့ကာကွယ်ဆေး
ကာကွယ်ဆေးတွေဟာ လိုင်စင်ရကုမ္ပဏီတွေကနေ စနစ်တကျထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ထုတ်လုပ်စဉ်မှာတော့ အရည်အသွေး၊ အာနိသင်ပြည့်ဝတာများပါတယ်။
သယ်ယူပို့ဆောင်တဲ့အချိန်နဲ့ သိုလှောင်သိမ်းဆည်းတဲ့နေရာတွေမှာ စနစ်တကျမရှိတာ၊သတ်မှတ် အပူချိန်မှာမထားတာတွေကြောင့် အာနိသင်ပျက်ပါတယ်။ ဒီလိုကာကွယ်ဆေးကိုထိုးရင် ရောဂါမကာကွယ်နိုင်ပါဘူး။
မြန်မာနိုင်ငံရဲ့ လက်ရှိလျှပ်စီးဓာတ်အားပေးတဲ့အစီအစဉ်ကြောင့် ထားသိုမှုစနစ် ကို သေချာဂရုမပြုနိုင်ရင် ကာကွယ်ဆေးအာနိသင်မပြည့်ဝနိုင်တာကြောင့် ကျမတို့ဆေးခန်းမှာဆို မီးပျက်လျှင်မီးစက်နှိုးပြီး ရေခဲသေတ္တာကို ကာကွယ်ဆေးတွေသိုလှောင်ရမယ့်အအေးပမာဏမှာ အမြဲရှိအောင် အထူးသတိပြု ဆောင်ရွက်ထားရှိရပါတယ်။
၂။ Inherent characteristics of the vaccine ကာကွယ်ဆေးတွေ ရဲ့ ရှိရင်းစွဲသဘာဝအရ ရောဂါ ကာကွယ်နိုင်မှုစွမ်းအား
ကာကွယ်ဆေးအများစုဟာ ရောဂါကာကွယ်မှုကို ရာနှုန်းပြည့်မပေးနိုင်ကြပါဘူး။ အကောင်းဆုံးအစီအစဉ်ဆွဲပြီး ကာကွယ်ဆေးကိုစနစ်တကျထိုးတာတောင် ခွေးအကောင်တစ်ရာမှာ တစ်ရာလုံးက ကာကွယ်ဆေးအောင်ပြီး ရောဂါကိုတိုက်ထုတ်နိုင်တဲ့ ပဋိပစ္စည်းများရာနှုန်းပြည့်မထွက်နိုင်ပါဘူး။
၃။ The dog is not healthy when vaccinated ကာကွယ်ဆေးထိုးနေချိန်မှာ ခွေးနေမကောင်းဖြစ်နေခြင်း
ခွေးရဲ့ ကိုယ်ခံစွမ်းအားစနစ်ကောင်းနေမှသာ ကာကွယ်ဆေးထိုးရင် ကာကွယ်ဆေးရဲ့အာနိသင်ရပြီး ရောဂါကာကွယ်နိုင်တဲ့ ပဋိပစ္စည်းတွေထုတ်နိုင်မှာဖြစ်ပါတယ်။ မကျန်းမာတဲ့ခွေးတွေမှာ ကိုယ်ခံစွမ်းအားစနစ်ချို့ယွင်းနေတဲ့အတွက် ကာကွယ်ဆေးရဲ့အာနိသင်ကိုမရနိုင်တဲ့အတွက် မိမိတို့ခွေးတွေကို တတ်ကျွမ်းနားလည်တဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်များထံမှာ နေကောင်းမကောင်းအရင်စမ်းသပ်ပြီးမှသာ ကာကွယ်ဆေးထိုးပေးရပါမယ်။
၄။ Breed differencs
ခွေးမျိုးစိတ်များခြားနားမှု
အချို့ခွေးမျိုးစိတ်တွေဟာ အဖြစ်များတဲ့ရောဂါအချို့ကို ခံနိုင်ရည်မရှိကြပဲ တခြားခွေးတွေထက် ပိုဖြစ်လွယ်ကြပါတယ်။
ဥပမာ Rottweilers ခွေးမျိုးတွေဟာ Parvo သွေးဝမ်းရောဂါကို တခြားခွေးမျိုးများထက် ဖြစ်ဖို့ရာခိုင်နှုန်းပိုများပါတယ်။
Rottweilers ခွေးငယ်လေးတွေမှာ ကာကွယ်ဆေးအပြည့်အဝထိုးထားပေမယ့် Parvo သွေးဝမ်းဖြစ်တတ်တာကို သုတေသနစာရင်းကောက်ယူသူတွေက အတိအကျဖော်ပြထားပါတယ်။
၅။ Interference due to maternal antibodies
မွေးစထဲက မိခင်မှတဆင့်ရရှိသော ကာကွယ်စွမ်းအားပဋိပစ္စည်းရဲ့တားဆီးနှောင့်ယှက်မှု
မွေးစခွေးလေးတွေမှာ မိခင်မှတဆင့်ရရှိတဲ့ ရောဂါကာကွယ်တဲ့ပဋိပစ္စည်းတွေကြောင့် မိခင်မှာ ကာကွယ်နိုင်တဲ့ရောဂါတွေကို ခွေးငယ်လေးတွေမှာပါကာကွယ်နိုင်ပါတယ်။ အဲ့ဒီ ပဋိပစ္စည်းဟာ ရက်သတ္တပတ်အနည်းငယ်သာကြာမြင့်နိုင်ပါတယ်။ မိခင်မှာရှိနေတဲ့ ပဋိပစ္စည်းပမာဏဟာ ကြာမြင့်တဲ့အချိန်ပေါ် တိုက်ရိုက်သက်ရောက်ပါတယ်။
ဥပမာ
မိခင်ခွေးမကြီးမှာ ခွေးရူးရောဂါကာကွယ်တဲ့ပဋိပစ္စည်း level ဟာ အရမ်းကောင်းနေရင် ခွေးငယ်လေးအသက်သုံးလထိ အဲ့ဒီကာကွယ်မှုကို ရရှိပါတယ်။ မိခင်မှာ အဲ့ဒီပဋိပစ္စည်း level က နိမ့်နေရင် ခွေးငယ်လေးတွေမှာ ရက်သတ္တပတ် ငါးပတ်၊ ခြောက်ပတ်သာ ရောဂါကာကွယ်မှုရပါတယ်။
မိခင်ကတဆင့်ရတဲ့ ပဋိပစ္စည်းအာနိသင်မကုန်ခင် ခွေးငယ်လေးတွေကို ကာကွယ်ဆေးထိုးမိရင် အဲ့ဒီပဋိပစ္စည်းရဲ့ဟန့်တားမှုကြောင့် ကာကွယ်ဆေးကရရှိမယ့် တာရှည်ခံမယ့်ကာကွယ်စွမ်းအားပဋိပစ္စည်းအပြည့်အဝမရခြင်း၊ လုံးဝမရခြင်းတို့ကြောင့် ကာကွယ်ဆေးမအောင်ပဲ ရောဂါကာကွယ်နိုင်စွမ်း မရှိတော့ပါ။
Parvo သွေးဝမ်းပဋိပစ္စည်းဟာ တချို့ခွေးငယ်တွေမှာ လေးလသားထိ မိခင်ကတဆင့်ရတဲ့ ပဋိပစ္စည်းကျန်ရှိနေတတ်တဲ့အတွက် ယခုအခါ အနောက်နိုင်ငံတွေမှာ Parvo သွေးဝမ်းကာကွယ်ဆေးအာနိသင်ရရှိစေဖို့ series အလိုက်ထိုးခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ၁၈ ပတ်နဲ့ ၂၀ ပတ်သားမှာ ထိုးလာကြပါတယ်။
ခွေးငယ်လေးတွေမှာ maternal antibodies ရှိမရှိက စစ်ဆေးလို့ရပေမယ့်ကုန်ကျစရိတ်အရမ်းများပါတယ်။ ဒါကြောင့် ကာကွယ်ဆေးကို ခွေးအသက် ခြောက်ပတ်သားကနေ ၂၀ ပတ်သားထိ series အလိုက် သုံးပတ်၊ လေးပတ်ခြားပြီးပေးကြတာက အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ အနောက်နိုင်ငံလက်တွေ့စမ်းသပ်ချက်တွေက အကြံပြုထားကြပါတယ်။
၆။ ကာကွယ်ဆေးထိုးနည်းစနစ်မမှန်ကန်ခြင်း၊ စနစ်တကျအကြိမ်ရေပြည့်အောင်မထိုးခြင်း
ကျမတို့နိုင်ငံမှာ ခွေးသားပေါက်ရောက်သူ၊ ခွေးအရောင်းအဝယ်လုပ်သူ၊ ခွေးပိုင်ရှင်များက မတတ်ကျွမ်းနားမလည်ပဲ ကာကွယ်ဆေးကို စနစ်တကျမထိုးခြင်း၊ တတ်ကျွမ်းသူတိရစ္ဆာန်ေဆးကုဆရာဝန်ဆီမှာထိုးနှံခြင်းမပြုပဲ သူတို့ဖာသာ ရမ်းသမ်းထိုးနှံတာတွေကြောင့် ကာကွယ်ဆေးမအောင်တတ်တာမျိုး အဖြစ်များလှပါတယ်။ ဒါကြောင့် တတ်ကျွမ်းနားလည်တဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့သာ စနစ်တကျ အကြိမ်ရေပြည့်အောင်ထိုးကြဖို့ အရေးကြီးပါတယ်။
Dr. Swe Mar Tun
B.V.Sc., M.V.Sc (Pathology)