Dr Aung Myint - မွေးမြူရေးအတွက်ကာကွယ်ဆေး

  • Home
  • Myanmar
  • Yangon
  • Dr Aung Myint - မွေးမြူရေးအတွက်ကာကွယ်ဆေး

Dr Aung Myint - မွေးမြူရေးအတွက်ကာကွယ်ဆေး Provide information relating animal health, preventive vaccination and vaccinology
(35)

13/04/2024

မြင်တာတွေရယ် ကြားတာတွေရယ် သိတာတွေရယ် ၄

၁၂၊ ၁၁၊ ၂၀၂၃ ရက် Forbes သတင်းစာစောင်မှာ CEO တွေကို သင်တန်းပေးနေတဲ့ Glenn Gow ရဲ့ 'No, ChatGPT And Generative AI Won't Destroy Humanity (But They Could Severely Damage Your Businesses)' ဆောင်းပါးကို ဖတ်လိုက်ရတယ်။ သူက ၂၀၂၃ ဇွန်လက Yale တက္ကသိုလ်မှာ Fortune 500 ကုမ္ပဏီတွေရဲ့ ထူထောင်သူ CEO ဥက္ကဌ တွေနဲ့ ထင်ရှားတဲ့ ပါမောက္ခ ရင်းနှီးမြှုပ်နှံသူ နဲ့ အစိုးရပိုင်းက ပုဂ္ဂိုလ် ၁၅၀ စုဝေးပြီး 'Can AI destroy humanity?' ဆိုတဲ့အမေးကို ထင်မြင်ချက်တွေ ပေးခဲ့ကြတာမှာ၊ တက်ရောက်သူ ၈% က ငါးနှစ်အတွင်း ဖြစ်လာနိုင်တယ်၊ နောက် ၃၄% က နောက် ၁၀ နှစ်လောက်တော့ ကြာနိုင်တယ်လို့ ပြောကြတယ်လို့ဆိုတယ်။ ကျန်တဲ့ ၅၈% ကတော့ ဒီလိုပူပန်နေတာဟာ အတွေးလွန်နေတာပါ လို့ပဲ ယူဆကြတယ်။

AI ကို အဓိက ဝေဖန်နေတဲ့ သမိုင်းပါမောက္ခ Uval Noah Harari က ကာဘွန်အခြေခံတဲ့ သက်ရှိလူသားတွေကို စီလီကွန်အခြေခံတဲ့ ကွန်ပြူတာစက်ရုပ်တွေက အထိန်းအကွပ်လွတ်ပြီး လွှမ်းမိုးသွားမလား၊ သတင်းအချက်အလက်တွေကို နိုင်ငံကြီးတွေရဲ့ အစိုးရတွေ ကုမ္ပဏီကြီးတွေ က လက်ဝါကြီးအုပ်ပြီး data colonialism and digital dictatorship ဖြစ်လာမလား၊ မမျှော်မှန်းနိုင်တဲ့ စီးပွားရေး ပြဿနာဆိုးတွေ ဖြစ်လာမလားလို့ စိုးရိမ်တယ်။ သူအစိုးရိမ်ဆုံးအရာက တစ်ချိန်မှာ AI က လူတွေလို အသိစိတ် (consciousness) ရသွားမလား ဆိုတာပါ။

ကျွန်တော် တွေးကြည့်တယ်။ လွန်ခဲ့တဲ့ နှစ် သန်းငါးရာကျော် cambrian explosion ကစပြီး ပေါ်ထွက်လာတဲ့ သက်ရှိအမျိုးအစား အမြောက်အများ ကြားမှာ လူသားတွေကပဲ အသိဉာဏ်အရာမှာ ထူးထူးခြားခြား အဆင့်မြင့်မြင့် ဖွံ့ဖြိုးလာခဲ့တာ။ အဲဒီ လူသားတွေရဲ့ အသိစိတ်ကိုပဲ အက်တမ်ရဲ့ အစိတ်အပိုင်းလေးကနေ စကြဝဠာ အထိ သိတယ်ဆိုတဲ့ သိပ္ပံပညာရှင် လူတော်တွေအဖို့ တိုင်းတာမှန်းဆမရနိုင်အောင် အသိခက်နေပြန်တယ်။

AI ရိုဘော့ တွေက မြင်နိုင်တယ် ကြားနိုင်တယ် ပြန်ပြောနိုင်တယ် အနံ့ မော်လိီကျူး အမြောက်အများကို ခွဲခြားပြီး သိနိုင်တယ်။ ဒါပေမဲ့ ချောကလက်စားပြီး ရလာတဲ့ အရသာကို မသိနိုင်ဘူး။ ဘာစားချင်တယ် စားလို့ကောင်းတယ် စားလို့ဝသွားပြီ စိတ်ချမ်းသာသွားပြီ ဆိုတာမျိုး သိဖို့ မဖြစ်နိုင်ဘူး။

ကျနော့ လူပြိန်းတွေး အမြင်မှာ စက်ရုပ်တွေက လူသားတွေကို ကျောသွားမှာ ဒုက္ခပေးမှာကို ပူစရာမလိုဘူး လို့ ထင်တာပဲ။ လူတွေထွင်တဲ့ လက်နက်တွေ အဆိပ်တွေကို လူတွေက တလွဲသုံးကြလို့ လူတွေသေကြရသလို၊ စက်ရုပ်ထုတ်လုပ်သူတွေရဲ့ ကောင်းစိတ် မကောင်းစိတ်ကပဲ လူသားတွေအတွက် ကောင်းတာ ဆိုးတာ ဖြစ်စေနိုင်မှာ။ နောက်ဆုံးမှာ လူသားတွေကို ဒုက္ခပေးနိုင်တာက AI မဟုတ်၊ လူသားဆိုးတွေရဲ့ စိတ်ဓာတ်ပါလို့ ဆိုရမယ်ထင်တယ်။

ကွယ်လွန်သူ ပါမောက္ခ Issac Asimov အတွက် အောက်မေ့ဖွယ်နေ့ ဖြစ်တဲ့ ၂၃၊ ၃၊ ၂၀၂၄ မှာ 'Did the James Web Space Telescope Change Astrophysics' ခေါင်းစဥ်နဲ့ စကားပြိုင်ပြောပွဲ လုပ်ခဲ့တယ်။ အာကာသသိပ္ပံ ပညာရှင်တွေဖြစ်တဲ့ University of Texas က Mike Boylan-Kolchin၊ University of Chicago က Wendy Freedman၊ Yale University က Priya Natarajan၊ Flatiron Institute က Rachel Somerville၊ Gorgia Institute of Technology က John Wise တို့ တက်ရောက်ပြီး Neil deGrasse Tyson (astrophysicist) က ပွဲထိန်းသူရော ဝေဖန်ထောက်ပြသူအဖြစ်ရော ဝင်ပါခဲ့တာ တွေ့ရတယ်။

သတိထားမိတာက အာကာသထဲက မမြင်ရတဲ့ black hole, dark matter ဟာ စကြဝဠာ အတွက် အဓိက အစိတ်အပိုင်းလို့ ဆိုနေတာနဲ့ ပတ်သက်ပြီး Tyson ​က မမြင်ရ မသိရပဲ ဘယ်လို အရေးပါမှာလဲ လို့ မေးတာကို Priya က မြင်နေတာတွေထက် ဖုံးထားတဲ့ပစ္စည်းက ပိုတန်ဖိုးရှိတာ သိတယ်မလား လို့ ဖြေသွားတယ်။ Priya က မမြင်တွေ့ရပေမဲ့ သွယ်ဝိုက်လေ့လာပြီး အဖြေထုတ်နေတာလို့ ပြောတယ်။ James Web Space Telescope (JWST) လွှတ်မတင်ခင်က အာကာသအကြောင်း ခန့်မှန်းချက် စာတမ်းထုတ်ခဲ့တာဟာ JWST ဆီက သတင်း အချက်အလက်တွေ ရလာတော့ လွဲနေမှန်းသိရတယ် လို့ Sommerville က ပြောသွားတယ်။ စကြဝဠာ ရဲ့သက်တမ်းကို Freedman က 13.8 billion years လို့ဆိုတယ်၊ Boylan-Kolchin တွက်ချက်မှု အဖြေက 13.7 billion years ဆိုတာအတွက် ဝေဖန်ပြောဆိုကြတယ်။ JWST က UV rays ကို အခြေခံပြီး တိုင်းတာစစ်ဆေးတာဆိုတော့ ၁၉၉၀ က လွှတ်တင်ထားပြီး သာမန်အလင်းရောင်ကိုပဲ ကြည့်တဲ့ Hubble Space Telescope ထက် ပိုပြီးဝေးဝေး မြင်နိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ ပိုပြီးဝေးတဲ့ ကြယ်တွေ glaxies တွေကို မြင်နိုင်ဖို့ ပိုစွမ်းတဲ့ မှန်ပြောင်းတပ်ဆင်ဖို့ ထပ်လုပ်နေတယ်လို့ ဆိုတယ်။ စကြဝဠာ ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂၇ ဘီလီယံ ဖြစ်ပြီး dark matter ဆိုတာ ရှိမနေဘူးဆိုတဲ့ စာတမ်းအကြောင်းလဲ ဆွေးနွေးသွားကြသေးတယ်။ ကန့်သတ်ချက်တွေ အောက်က တွက်ချက် ခန့်မှန်းနေကြတာတွေပဲပါလား။

ဒါကြောင့်ထင်ပါရဲ့၊ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ ကျော်ကတည်းက ဗုဒ္ဓက စကြဝဠာ အနန္တ လို့ ဟောခဲ့တာ။ စကြဝဠာ ရဲ့ အစ နဲ့ အဆုံး အကြောင်း မေးတာတွေကို ပြန်ဖြေမသွားခဲ့တာ။ Illusion ဆိုတဲ့စကားလဲ ဗုဒ္ဓက စပြောခဲ့တာပဲ ထင်တယ်။

ဗုဒ္ဓတရားအလိုအရ လူသားတွေမှာ မြင် ကြား နံ အရသာ အထိအတွေ့ ဆိုတာတွေကို လက်ခံပေးတဲ့ ဒွါရ ငါးခု နဲ့ စိတ်ခံစားမှု (မနောဝိညာဥ်) ကိုသိတဲ့ မနောဒွါရ ပေါင်း ဒွါရ ခြောက်ခု ပါတယ်။ စိတ်ဆိုတာ အာရုံနဲ့ ဒွါရ ဆုံတွေ့လို့ ဖြစ်လာတာ၊ ဖြစ်ပြီး ပျက်သွားကြတာ။ အာရုံ ခြောက်မျိုး စိတ် ခြောက်မျိုး လို့ဆိုတယ်။ တစ်ခုပြီးမှတစ်ခုဖြစ်တာ။

၂၉၊ ၃၊ ၂၀၂၄ ScientAlert မှာ Jennifer Murphy နဲ့ Freya Prentice တို့က 'Humans Have a ''Sixth Sense'', And It's Actually Vital to Our Health'' လို့ပြောသွားကြတယ်။ သူတို့က ဆဌမအာရုံကို interoception လို့အမည်တပ်ထားတယ်။ ဒီအာရုံက ပြင်ပအာရုံမဟုတ်ပဲ ခန္ဓာကိုယ် အတွင်းက ဆာတာ ရေသောက်ချင်တာ ကိုယ်ပူတာ အေးတာ နှလုံးခုန်တာ လို ကိစ္စတွေကို သိတဲ့အာရုံ အမျိုးအစား။ ကိုယ်တွင်းက အရေးပါတဲ့ ဖြစ်မှု ပျက်မှုတွေကို သိပြီး လိုအပ်သလို ချိန်ကိုက် ထိန်းညှိပေးဖို့ အတွက် ရှိနေတဲ့ အာရုံမျိုး။ သူတို့က interoceptive signal က အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုပြတာ တွေ့ရတယ်၊ signals တွေ ကောင်းရင် စိတ်ကျန်းမာရေး ပိုကောင်းစေ တယ်လို့ဆိုတယ်။ Signal မကောင်းရင် စိတ်ဝေဒနာတွေ ဖြစ်လာနိုင်တယ်လို့ဆိုတယ်။

Murphy နဲ့ Prentice တို့ပြောတဲ့ interoception က ဗုဒ္ဓရဲ့ မနောဝိဉာဏ်စိတ် နဲ့ မတူသေးဘူး။

ဗုဒ္ဓက ငါ သူတပါး ယောက်ျား မိန်းမ ဆိုတာ မရှိဘူး လို့ ပြောတယ် (illusion တွေပဲပေါ့)။ အားလုံးက ပထဝီ တေဇော ဝါယော အာပေါ ဆိုတဲ့ ဓာတ် ၄ ပါးနဲ့ ဖွဲ့စည်းထားတာတွေ လို့ဆိုတယ်။ တကယ်ရှိတာက ရုပ် နဲ့ နာမ်ပဲ။ အမြဲဖောက်ပြန်တတ်တဲ့သဘောရှိတာက ရုပ်အစု (ရူပက္ခန္ဓာ)၊ သိမှုနဲ့ပတ်သက်တဲ့ နာမ်ခန္ဓာက ၄ ခုရှိတယ်။ နာမ်ခန္ဓာတွေမှာ၊ ခန္ဓာကိုယ်ရဲ့ အာယာတန ၆ ပါးနဲ့ အာရုံ ၆ ပါးဆုံတဲ့အထိအတွေ့ကို အာရုံခံယူမှုပြုတဲ့အစု (ဝေဒနက္ခန္ဓာ)၊ အာရုံကို မှတ်သားပေးတဲ့အစု (သညက္ခန္ဓာ)၊ အာရုံကိစ္စကို လုံ့လစိုက် အပြီးသတ်ပေးတဲ့အဖွဲ့ (သင်္ခါရက္ခန္ဓာ) နဲ့ အာရုံကိုကိုသိတဲ့သဘောအစု (ဝိညာဏက္ခန္ဓာ) တွေပါတယ်။ ရုပ်ခန္ဓာ ဖောက်ပြန်နေသလို နာမ်ခန္ဓာတွေကလဲ ဖြစ်ပြီးပျက်သွားကြတာ။ တည်မြဲနေတဲ့ သဘော လုံးဝမရှိဘူး။

သဘာဝတရား အားလုံးကို လေ့လာသုံးသပ် နေကြတယ်ဆိုတဲ့ physicists, neuroscientists စတဲ့ သိပ္ပံပညာရှင်တွေက အသိစိတ် ဖြစ်တဲ့ နာမ်သဘောကို စစ်ဆေးဖို့ ကြိုးစားပေမဲ့ ခက်ခဲနေကြဆဲပဲ။ တကယ်က လူတွေရဲ့ အသိစိတ်က ကာယကံရှင် နဲ့ပဲဆိုင်တာ၊ ကာယကံရှင်ပဲ သိနိုင်တာပါ။ ပညာရှင်တွေ ကိုယ်တိုင်လဲ သိနေပါလျက်နဲ့ သူတို့စွဲကိုင်ထားတဲ့ သီအိုရီတွေနဲ့ လက်တွေ့မပြနိုင်လို့ အသိစိတ်ကို အရှိသဘောပါလို့ လက်ခံဖို့ ခက်ခဲနေတာလဲ ပါနေတယ်။ ကာယကံရှင်ရဲ့ အတွင်းစိတ်ကို နောက်တစ်ဦး သိပြီး စစ်ဆေးနိုင်မဲ့ နည်းလမ်းကို ရှာဖို့လဲ ခက်နေတာပါ။

သိပ္ပံပညာရှင် ဆိုသူတွေနဲ့ မတူပဲ၊ မြတ်ဗုဒ္ဓက ကိုယ့်ကိုယ်ထဲကိုပဲ ကြည့်ပြီး သိအောင်လုပ်ရမယ်လို့ဆိုတယ်။ တစ်လံမျှရှိတဲ့ ကိုယ့်ခန္ဓာထဲမှာပဲ လောကကို သိနိုင်တယ်၊ လောကရဲ့အဆုံး လောကက လွတ်မြောက်ဖို့လဲ ဖြစ်နိုင်တယ်။ ကိုယ့်ကိုယ်ကိုသိရင် တခြားသူတွေအကြောင်းကိုလဲ သိတယ်လို့ဆိုတယ်။

ဗုဒ္ဓက consciousness ထက် ထူးကဲတဲ့ ထိုးထွင်းသိမြင်တဲ့ ပညာဆိုတဲ့ ဉာဏ်အလင်းကို ရနိုင်တဲ့ တစ်ခုတည်းသောလမ်းကြောင်း ဆိုတဲ့ မဂ္ဂင် ရှစ်ပါးကို ပြောပြခဲ့တယ်။ ဘေးလူသိဖို့မဟုတ် ကိုယ့်အကြောင်း ကိုယ်တိုင်သိဖို့ လုပ်ရမဲ့ နည်းလမ်းပါ။ ယနေ့ နိုင်ငံတကာမှာ လုပ်ဆောင်နေတဲ့ mindfulness meditation ဆိုတဲ့ ဝိပဿနာ ဘာဝနာ ကျင့်စဥ်ပါ။

ဗုဒ္ဓက ဝိပဿနာ ဘာဝနာ ပွားများသူတွေ သိလာမဲ့ ဉာဏ်စဥ် အဆင့်ဆင့်ကိုလဲ ပြောပြတယ်။ အားထုတ်သူတစ်ဦးချင်းရဲ့ သဒ္ဓါ ဝီရိယ ကို လိုက်ပြီး အားကောင်းသူတွေက လျင်လျင်မြန်မြန် ဉာဏ်အဆင့်တက်ကြတယ်။ ဗုဒ္ဓက အားထုတ်ကြရင် တစ်ရက်နဲ့လဲ ရနိုင်တယ်၊ ဒါမှမဟုတ် ၇ ရက်၊ ၇ လ၊ ၇ နှစ်မှာ ဗောဓိဉာဏ် ဆိုတဲ့ အမြင့်ဆုံး အသိညာဏ်ကို ရနိုင်တယ်လို့ဆိုတယ်။

ကိုယ်တိုင်အားထုတ်ရမယ် ဆိုပေမဲ့ ဆရာကောင်းရဲ့ လမ်းညွှန်ပြသမှု ကူပေးရင် အချိန်မလင့်ပဲ ဖြောင့်ဖြောင့်တန်းတန်း ခရီးလမ်းဆုံးကို ရောက်နိုင်ပါတယ်။

သမထ နဲ့ ဝိပဿနာ တရားအားထုတ်သူတွေက (သိပ္ပံပညာရှင်တွေ ရှာရခက်နေတဲ့) သူများစိတ်ကို သိတဲ့ဉာဏ်မျိုးလဲ ရလာနိုင်တယ်။ ဝိပဿနာ တရားအားထုတ်သူတွေ ဝိပဿနာဉာဏ် ဘယ်အဆင့်ရောက်နေတယ် ဆိုတာကို တရားပြဆရာတွေ သိနိုင်ကြတယ်။ တရားအားထုတ်နေတဲ့ ယောဂီတွေ ဘာတွေတွေးနေတယ် ဆိုတာကို သိပြီး ထောက်ပြနိုင် ပြုပြင်ပေးနိုင်တဲ့ တရားပြဆရာတွေကိုလဲ တွေ့ခဲ့ဖူးပါတယ်။

ဗုဒ္ဓ လမ်းညွန်ပြသပေးတဲ့ နည်းလမ်းက စိတ်စွမ်းအားကို ရနိုင်ပြီး ဘေးလူ (သိပ္ပံပညာရှင်တွေ လိုချင်တဲ့ third person) က အကဲဖြတ်နိုင်တဲ့ နည်းလမ်းပါ။

ကျွန်ုပ်တို့ မြင်နေတာတွေ ကြားနေတာတွေ သိနေတာတွေဟာ illusions တွေ ဖြစ်ချင်လဲ ဖြစ်ပါလိမ့်မယ်။ လတ်တလောမှာ ငါမြင်တာပဲ ငါကြားတာပဲ ငါသိနေတာပဲ။ ဒီလိုပဲ ခံစားကြရမှာပါ။ ဝိပဿနာ တရားနည်းလမ်းနဲ့ ကိုယ့်စိတ်ကိုလဲ အသေအချာသိ သူများကိုလဲ သိနိုင် နားလည်နိုင်အောင် ကြိုးစားကြည့်ကြစေချင်ပါတယ်။

13/04/2024

မြင်တာတွေရယ် ကြားတာတွေရယ် သိတာတွေရယ် ၃

၂၀၂၄ မတ်လ ၁၄ ရက် BBC Science Focus မှာ Belgian cosmologist ပါမောက္ခ Thomas Hertog က၊ သူ ၁၉၉၈ ကစပြီး အတူလုပ်ကိုင်ခဲ့တဲ့ ကမ္ဘာကျော် သိပ္ပံပညာရှင် Stephen Hawking (theoretical physicist, cosmologist) ရဲ့ နောက်ဆုံးသုတေသနစာတမ်း အကြောင်းကို သူကွယ်လွန်တဲ့ ၆ နှစ်မြောက် နေ့ မှာ ထုတ်ပြောထားတယ်။ Stephen Hawking မကွယ်လွန်ခင်က ပေးပို့ထားပြီး၊ ၂၀၁၈ ဧပြီလ Journal of High Energy Physics မှာပါလာတဲ့ သူတို့နှစ်ဦးရဲ့ ''A smooth exit from eternal inflation'' လို့ ခေါင်းစဥ်တပ်ထားတဲ့ သုတေသနစာတမ်းအကြောင်းပါ။ Stephen Hawking ရဲ့ နောက်ဆုံး ဖော်ထုတ်သွားတဲ့ သီအိုရီက 'The Universe is a holographic projection' ပါ လို့ ပါမောက္ခ Hertog က ဆိုတယ်။

ကျွန်ုပ်တို့ မြင်တာတွေ ကြားတာတွေ သိနေတာတွေ ဟာတကယ် အမှန်တွေမှ ဟုတ်ပါရဲ့လားတွေးစရာ။

University of California, Department of Cognitive Sciences ရဲ့ ပါမောက္ခ Donald Hoffman က ကျုပ်တို့ လောကကြီးကို အမှန်အကန် သိနိုင်ဖို့အတွက် space and time က အခြေခံ မဟုတ်ဘူးလို့ သူရဲ့ 'The Case Against Reality' စာအုပ်မှာ ဆိုထားတယ်။ အမှန်တရားဟာ ကျုပ်တို့ရဲ့ ဦးဏှောက်က ဖန်တီးပေးနိုင်တဲ့ အသိထက် ပိုပြီး ရှုပ်ထွေးတယ်။ အမှန်ကိုသိဖို့ထက် ကျုပ်တို့ ရှင်သန်နိုင်ဖို့ နဲ့ မျိုးဆက်မပြတ်ဖို့ အတွက်ကိုပဲ ပိုပြီးဇောင်းပေး ထားတာပါလို့ သူက ဆင်ခြေပေးတယ်။

၂၀၁၉ ဇွန် ၆ ရက်၊ New York, World Science Festival ပွဲမှာ ဦးဏှောက်အာရုံကျော နဲ့ သိမှုဆိုင်ရာ ပညာရပ်နယ်ပယ်က ပါမောက္ခနဲ့ သိပ္ပံပညာရှင်တစ်စုက ''The Reality of Reality: A Tale of the Five Senses'' ခေါင်းစဥ်တပ်ပြီး အနံ အရသာ အမြင် အကြား အထိအတွေ့ ဆိုတဲ့ အာရုံငါးပါးနဲ့ လောကကြီးကို သိနားလည်နေတာတွေဟာ ဦဏှောက်ကဖန်တီးလိုက်တဲ့ အထင်မှားမှု (illusions) တွေသက်သက်ပါလို့ ဟောပြော ဆွေးနွေးခဲ့တယ်။ ဟောပြောသူတွေက ထင်ယောင်ထင်မှားဖြစ်ရတာတွေက ထူးသွားတာ မှားသွားတာမဟုတ်ပါဘူး၊ ဦးဏှောက်က ကျွန်ုပ်တို့တွေ လောကကြီးကို အဆန်းတကြယ် စိတ်ဝင်စားအောင် လုပ်ပေးတာပါလို့ ပြောသွားတယ်။

အာရုံငါးပါးက စုပေါင်းပြီး အလုပ်လုပ်ကြလို့ အထင်မှားစေတာမျိုးလဲ ရှိတယ်ဆိုပြီး သရုပ်ပြတာတွေ လုပ်သွားတယ်။ Dr Lomvardas က ပရိတ်သတ်ထဲက ဧည့်သည် ၄ ဦးကို ဆေးတစ်ပြားစီ ပေးပြီး လျှာပေါ်မှာအရည်ပျော်သွားစေတယ်။ သူတို့ကို နှာခေါင်းပိတ် မျက်လုံးကို ပိတ်စည်းထားပြီး၊ အရည်တစ်ခုသောက်ခိုင်းတယ်။ အားလုံးက ချိုတယ်ပြောတယ်။ သောက်တာက ရှာလကာရည်။ စောစောက ကျွေးထားတဲ့ miraculin ဆေးပြားက လျှာပေါ်မှာ အချဥ်ကိုသိတဲ့ taste buds တွေကို ဖိနှိပ်ပြီး အချိုကို ပိုသိအောင် လုပ်ပေးတယ်။ ဒါကြောင့် ချဥ်တဲ့ ရှာလကာရည်ကို ချိုတယ်လို့ သိသွားတာ။

ပတ်ဝန်းကျင်မှာ တကယ်ရှိနေပေမဲ့ လူတွေမသိတာ အများကြီးပါ။ ပျားတွေလို ultraviolet အရောင်ကို မမြင်ကြဘူး။ ငှက်တွေ လိပ်တွေလို ကမ္ဘာ့သံလိုက်စက်ဝန်းကို မသိဘူး။ တခြားတိရစ္ဆာန်တွေလို မြင့်တဲ့အသံ နိမ့်တဲ့အသံတွေကို မကြားဘူး။ သိပ်အားနည်းတဲ့ အနံ့တွေကို မသိကြဘူး။ University of Pittsburgh က တွဲဖက်ပါမောက္ခ Mazvitta Chirimuuta က ဦးဏှောက်ဟာ မြင်ကွင်း တကွက် တချို့ကိုပဲ အသိပေးတာ လို့ဆိုတယ်။ မျက်တောင်ခတ်တာကို မျက်စေ့က မမြင်လိုက်ဘူး။ သူ့ရှေ့နားမှာ ချွန်ထွက်နေတဲ့ နှာခေါင်းကို မမြင်ဘူး၊ ဦးဏှောက်က တည်းဖြတ်လိုက်တာ။ သင်တို့ မြင်ရတာတွေက illusions တွေပဲလို့ သူကဆိုတယ်။

တစ်ဖက်မှာ၊ သိပ္ပံပညာရှင်တွေကိုယ်တိုင် လေ့လာပြောကြားလာနေတဲ့ near death experience (NDE), out of body experiences (OBE) ဆိုတဲ့ အတွေ့အကြုံတွေက၊ သိစိတ်ဟာ ဦးဏှောက်နဲ့ကင်းလွတ်ပြီး ရှိနေတဲ့သဘော လို့ သက်သေပြနေပြန်တယ်။ သတိလစ် မေ့မျောနေချိန်မှာ သိစိတ်က ခန္ဓာကိုယ်ရဲ့ ပြင်ပကို ထွက်ပြီး အနားကရော အပေါ်စီးကရော စောင့်ကြည့်နိုင်သလို အဝေးနေရာတွေကိုလဲ ရောက်သွားနိုင်ပြီး မထင်ထားတဲ့ အတွေ့အကြုံသစ်တွေ ရလာတာ၊ ကွယ်လွန်ပြီးခဲ့သူတွေနဲ့ တွေ့ဆုံဆက်ဆံ နိုင်တာ တွေကို သတိပြန်ရလာချိန်မှာ မှတ်မိကြ အမှန်အကန် ပြန်ပြောပြ နိုင်ကြတယ်။ သတိလစ်နေတာ မိနစ်ပိုင်းလောက်ဖြစ်ပေမဲ့ သူ့တို့ဘဝတွေရဲ့ ရှေ့ပိုင်းနဲ့ လတ်တလော ဖြစ်နေတာတွေအပြင် နောက်ဖြစ်လာမှာတွေအထိ တစ်ပြိုင်နက် မြင်တွေ့ခဲ့ရတယ် လို့ ပြောကြတယ်။

သေရွာပြန်လို့ပြောရမဲ့ NDE, OBE အတွေ့အကြုံရှင်တွေက တွေ့ကြုံပြီးတဲ့ နောက်ပိုင်းမှာ အများကြီး ပြောင်းလဲသွားတာတွေ ရှိသွားတယ်။ တချို့က ဖြစ်လာစရာ ကိစ္စတွေကို ကြိုသိနေတယ်။ တချို့က တခြားသူ ပြောမဲ့စကားကို အသံထွက်မလာခင် ကြိုသိနေတယ်၊ သူများရဲ့ အတွေးစိတ်ကို သိနေတယ် လို့ပြောတယ်။ သူများမမြင်ရတဲ့ တစ္ဆေတွေ နာမ်လောကသားတွေကို မြင်ရပြီး ဆက်သွယ်နိုင်တယ်။ Guide ဆိုတဲ့ ပုဂ္ဂိုလ်တွေ စောင့်ရှောက်ပေးတာကြောင့် အဆင်ပြေနေသူတွေလဲရှိတယ်။ သူတို့ တတွေရဲ့ အတွေ့အကြုံအရလဲ သိစိတ်ဟာ ဦးဏှောက်က ထွက်လာတာမဟုတ်ပဲ သီးခြားပါလို့ ဆိုနိုင်နေတယ်။

ဒီလို့ NDE, OBE အတွေ့အကြုံမျိုးကို တချို့သော ဆရာဝန်တွေ ဦးဏှောက်အာရုံကျောပညာရှင်တွေ စိတ်ပညာရှင်တွေ စိတ်ရောဂါပညာရှင်တွေ ရူပဗေဒပညာရှင်တွေ စတဲ့ သိပ္ပံပညာရှင်တွေ ကိုယ်တိုင်ကြုံတွေ့ခဲ့ကြပြီး အလားတူ ကြုံတွေခဲ့သူ ရာပေါင်းများစွာရဲ့ အတွေ့အကြုံ တွေကို မှတ်တမ်းတင် လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေလဲ ရှိနေတယ်။

ဒါပေမဲ့ physics, neuroscience စတဲ့ သိပ္ပံပညာရပ်တွေက first person description ဆိုတဲ့ ကိုယ်တွေ့ဆိုတာကို မလိုချင်။ ဘေးလူက သက်သေခံတာ (third person description) ကိုပဲ လက်ခံတယ်။ သိတယ် တွေးတယ် စတဲ့ စိတ်သဘောတွေကို ဘေးလူက မသိနိုင်။ ဒါကြောင့် ကမ္ဘာလောကကြီးကို လေ့လာတယ်ဆိုတဲ့ physicists တွေက သိစိတ် ဆိုတဲ့ consciousness အကြောင်းကို ဘယ်တော့မှ သိလာမှာမဟုတ်တဲ့ပုံပဲ။ ကိုယ်တိုင်တွေ့တာကို ထည့်သွင်းလက်ခံတဲ့ ရူပဗေဒလက်သစ် (new physics) ပေါ်ထွက်လာဖို့ လိုနေတယ်လို့ Stephen Hawking ရဲ့ မိတ်ဆွေ cosmologist တစ်ဦး ဖြစ်တဲ့ ပါမောက္ခ Bernard Carr က ပြောတယ်။

ပါမောက္ခ Carr က Essential Foundation ရဲ့ ဖတ်စာကဏ္ဌမှာ ၆၊ ၆၊ ၂၀၂၀ ရက်က ''How hyper-dimentional spacetime may explain individual identity'' ဆိုတဲ့ သုံးသပ်ချက်ကို ရေးပြခဲ့တယ်။ သူက relativity theory ရဲ့ space-time ဆိုတဲ့ အတိုင်းအတာလေးခု မှာ အချိန်က အတိတ် ပစ္စုပ္ပန် အနာဂါတ် သုံးခုလုံး တစ်ပြိုင်နက်ရှိနေလို့၊ လောကကြီးကို ကျုပ်တို့ တွေ့မြင်သိရှိနေတဲ့ အခု (now) အချိန် ဆိုတာကို ထည့်မပြောကြဘူး။ ဒါကြောင့် ငါဆိုတာ လူတိုင်းသိကြပေမဲ့ လူတစ်ဦးချင်းရဲ့ စိတ်ခံစားချက်ရှု့ဒေါင့် (first person perspective) ကို လက်ခံဖို့အတွက် ပဉ္စမအတိုင်းအတာ တစ်ခု ဖြည့်စွက်ပေးဖို့ လိုမယ်လို့ ဆိုတယ်။ တစ်ဦးတစ်ယောက်က တွေ့ကြုံခံစားရတဲ့ကိစ္စတစ်ခု ဖြစ်ပျက်သွားတဲ့ အချိန် ဆိုတဲ့ spacious present ကို ထည့်စဥ်းစားဖို့ပါ။

လူတိုင်း လူတိုင်းက သူ့မှာ အာရုံအမျိုးမျိုးကို သိရှိ ခံစားနိုင်တဲ့ သိစိတ်ရှိတယ်ဆိုတာ သိနေတာပဲ။ မြင်နိုင် ကြားနိုင် အနံ့ရနိုင် အရသာခံနိုင် ထိတွေ့နိုင် တွေးကြံနိုင်ကြတာပဲ။ နာကျင်တာတွေ ပျော်ရွှင်တာတွေ ကျေနပ် မကျေနပ်တွေ သိနေတာပဲ။ ဒါပေမဲ့ လူတွေက စိတ်ထဲမှာ ခံစားနေပေမဲ့ အပြင်ကို ထုတ်ပြချင်မှ ပြကြတာဆိုတော့ ဘေးလူက သူသိနေတာတွေကို အမှန်အတိုင်း မသိနိုင်ဘူး။

ရုပ်ကိုအ​ခြေခံတဲ့ သိပ္ပံပညာမှာ consciousness ဆိုတဲ့ သိစိတ်ကို စာရင်းသွင်းနိုင်ဖို့အတွက် ကိုယ်သိတာကို ကိုယ်တိုင်ထုတ်ပြောတဲ့ ကာယကံရှင်ရဲ့အမြင် (first person perspective) ကို လက်ခံစစ်ဆေးနိုင်တဲ့ သီအိုရီတွေ သင်္ချာဖော်မြူလာတွေ မရှိသေး၊ မဖော်ထုတ်နိုင်သေးဘူး လို့ဆိုကြတယ်။

ရှာဖွေ ဖတ်ရှုမိ နာထောင်မိသမျှ အရ၊ consciousness ဆိုတဲ့ သိစိတ်အကြောင်းကို သိနိုင်ဖို့ အတွေးအခေါ် ပညာရှင်တွေ သိပ္ပံ ပညာရှင်တွေ နှစ် ရာပေါင်းများစွာ ကြိုးစားခဲ့ကြပေမဲ့ ကနေ့ထိ အဖြေ ထွက်မလာခဲ့သေးဘူး။ စကြဝဠာ အကြောင်း သီအိုရီတွေကိုလဲ ဝေဖန် အငြင်းပွားနေကြဆဲပဲ။

တစ်ဖက်မှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ထွက်ပေါ်လာတဲ့ artificial intelligent (AI) ဆိုတဲ့ ဉာဏ်ရည်တု ဆိုတာက လူတွေရဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို လူတွေထက်သာအောင် လုပ်ပြလာနိုင်တဲ့ သတင်းတွေ တွေ့လာရတယ်။ ၁၉၉၇ မှာ ကွန်ပြူတာက စစ်တုရင် ကမ္ဘာ့ချန်ပီယံ Garry Casparov ကို အနိုင်ကစားခဲ့တယ်။ အခုထွက်လာတဲ့ ChatGPT 4.0 က ကိုယ်တောင်းဆိုသလို သတင်းအချက်အလက်တွေရှာပေးတာ စာတွေရေးပြတာ ကဗျာတွေစပ်ပေးတာ ပန်းချီတွေဆွဲတာ တွေလုပ်ပေးနိုင်သလို မကြိုက်ရင်ပြော ထပ်လုပ်ပေးတယ်။

၂၀၂၃ သြဂုတ်လ Peter H. Diamandis ရဲ့ MOONSHOTS podcast အစီအစဥ်မှာ သူရဲ့ AIကိုယ်ပွား Peterbot.ai နဲ့ မိနစ် ၂၀ နီပါး အပြန်အလှန် စကားပြောတာ YouTube မှာ ကြည့်လိုက်ရတယ်။ အသံရော ရုပ်အမူအရာရော တော်တော်တူပြီး AI နဲ့ ဆက်စပ်တဲ့ လူမှုရေး နိုင်ငံရေး ကျင့်ဝတ်စည်းကမ်းကိစ္စ ကနေ AI ရဲ ဖွံ့ဖြိုးလာမဲ့ အနာဂါတ် အလားအလာ တွေအထိ မေးသမျှကို ဖြေပြသွားတာ တွေ့ရတယ်။

AI ရိုဘော့ တွေကို စက်မှုကုန်ထုတ်လုပ်ငန်း စစ်ရေး အန္တရာယ်ရှိလုပ်ငန်းခွင် ဆေးကုသရေး ကနေ ဖျော်ဖြေရေးကိစ္စ အိမ်အကူ အလုပ်အထိ အထူးသင်ကြားလေ့ကျင့် ထုတ်လုပ်ကြ အသုံးပြုနေကြပါပြီ။

ဆက်ပါဦးမယ်။

12/04/2024

မြင်တာတွေရယ် ကြားတာတွေရယ် သိတာတွေရယ် ၂

Neuroscientists တွေက ဦးဏှောက် အထဲက နာဗ်ဆဲလ်တွေမှာ ဖြစ်ပျက်သွားတဲ့ ဆက်သွယ်မှုလှိုင်းတွေ လျှပ်စစ်လှိုင်းတွေကို အခြေခံပြီး သိစိတ်ကိုတိုင်းတာ လေ့လာဖို့ ကြိုးစားကြတယ်။ ဦးဏှောက်ကို ထိုးဖောက်စရာမလိုတဲ့ နည်းတွေသုံး​ခဲ့တယ်။ အဲဒီ electroencephalography (EEG), magnetoencephalography (MEG) နဲ့ functional magnetic resonance imaging (fMRI) နည်းတွေက အန္တရာယ်ကင်းတဲ့ နည်းလမ်းတွေဖြစ်ကြပေမဲ့ ဦးဏှောက်အတွင်းပိုင်းမှာ အကြောင်းကိစ္စ တစ်ခုခုနဲ့ ဆက်စပ်ပြီး ဖြစ်ပျက်သွားတာတွေကို သိရတာက အကြမ်းဖျင်း သွယ်ဝိုက် နားလည်ရတဲ့ အဆင့်မျိုးပါ။ အသေးစိတ် မသိရဘူး။

ဦးဏှောက်ထဲက နာဗ်ဆဲလ် တစ်ခုချင်းကို ထိုးဖောက် စစ်ဆေးဖို့အတွက် ပညာရှင်တွေမှာ ethics ဆိုတဲ့ ကျင့်ဝတ်သိက္ခာပိုင်း ကန့်သက်ချက်တွေရှိနေလို့ လူ့ဦးဏှောက်အစား မျောက် ကြွက် စတဲ့ တိရစ္ဆာန်တွေကို သုံးပြီး စမ်းသပ်နေကြတာ။ ဦးခေါင်းခွံကို ထိုးဖောက်ပြီး နာဗ်ဆဲလ် တစ်ခုချင်းကို လျှပ်စစ်ဓာတ်အား ပို့လွှတ်လိုက်ချိန်မှာ နာဗ်ဆဲလ်ရဲ့ တုန့်ပြချက်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို လေ့လာကြတာ။ Neurons firing လို့ အမည်ပေးထားတဲ့ ဒီနည်းကိုသုံးပြီး ဦးဏှောက်က စိတ်ခံစားမှုတွေကို ဘယ်လိုဆက်သွယ် ထိန်းချုပ်တယ်ဆိုတာကို လေ့လာကြတယ်။

ရေဆာတာကိုသိလိုက်ချိန်မှာ ရေသောက်ချင်တဲ့စိတ် ဖြစ်လာတယ်။ အဲဒီအချိန်မှာ ဦးဏှောက်ထဲမှာ အဆင့်ဆင့် လှုံ့ဆော်မှုတွေဖြစ်ပြီး လက်ကကြွက်သားတွေကို ရေခွက်ကိုင်စေ ပါးစပ်နားကို ယူလာစေ သောက်စေအောင် စေခိုင်းတာ စတဲ့ သတင်းပို့ချက်တွေ ပေးပို့တယ်။ Neurones firing လုပ်ပြီး ဘယ် နာဗ်ဆဲလ်တွေက ဘယ်လို အလုပ်လုပ်တယ်ဆိုတာမျိုးကို သိရအောင် လေ့လာနေကြတာ။

ပြီးခဲ့တဲ့ ၁၄၊ ၁၁၊၂၀၁၉ ထုတ်တဲ့ Cells ဂျာနယ်မှာ၊ University of Leicester, UK က Rodrigo Quian Quiroga ရဲ့ ''Plugging in to Human Memory: Advantages, Challenges, and insights from Human Single-Neuron Recordings'' စာတမ်းမှာ လူ့ဦးဏှောက်ဆဲလ်ကို ပထမဆုံးအကြိမ် neurones firing လုပ်တဲ့အကြောင်း ဖော်ပြလိုက်တယ်။ စာတမ်းမှာ တက်တဲ့ရောဂါ ရှိသူတွေကို ပြုလုပ်တဲ့ ဆေးခန်းဆိုင်ရာစမ်းသပ်မှု အနေနဲ့ ဒီနည်းကို အသုံးပြုခဲ့တာ လို့ဆိုတယ်။ သူက မှတ်ဉာဏ်နဲ့ သက်ဆိုင်တယ်လို့ သိထားတဲ့ hippocampus formation ထည်းက နာဗ်ဆဲလ် တွေကို ဆဲလ် တစ်ခုချင်းကို လှုံ့ဆော် စမ်းသပ်ခဲ့ပြီး တွေ့ရှိချက်တွေကို ယခင်က မှတ်တမ်းတင်ထားတဲ့ ကြွက်တွေမှာစမ်းသပ်ထားတဲ့ ရလဒ်တွေ လူတွေမှာစမ်းသပ်ခဲ့တဲ့ရလဒ်တွေနဲ့ နှိုင်းယှဥ်ကြည့်တယ်။ သူက တိရစ္ဆာန်တွေမှာ မရှိပဲ လူတွေမှာပဲ သီးသန့် ဖြစ်တည်တဲ့ မှတ်ဉာဏ်နဲ့ ပတ်သက်တဲ့ နာဗ်ဆက်သွယ်မှု သဘောကို hippocampus formation ခွင်ထဲမှာ တွေ့ရတယ် လို့ဆိုတယ်။

၁၀၊ ၁၁၊၂၀၂၁ နေ့ထုတ် Nature ဂျာနယ်မှာ Lou Beaulieu-Laroche နဲ့အဖွဲ့က နို့တိုက်သတ္တဝါ မျိုးစိတ် ၁၀ မျိုးရဲ့ ဦးဏှောက် cortical layer 5 အပိုင်းကို ဆဲလ် တစ်ခုချင်းစစ်ဆေးတဲ့နည်းနဲ့ နှိုင်းယှဥ်ကြည့်ခဲ့ကြတယ်။ မျိုးစိတ် ကိုးခုမှာ နာဗ်ဆဲလ်တွေရဲ့ ဗို့အားနဲ့ထိန်းချုပ်တဲ့ calcium နဲ့ HCN ဂိတ်ပေါက်တွေမှာ လျှပ်စစ်ပို့ဆောင်အား မြင့်တာတွေ့ရပေမဲ့ လူတွေမှာ သိသိသာသာ နည်းတာတွေ့ရပြီး ဒါဟာ လူတွေရဲ့ ဦးဏှောက်ရဲ့ စွမ်းဆောင်ရည်ကို မြင့်မားစေတဲ့ အကြောင်းတစ်ခု ဖြစ်လိမ့်မယ်လို့ကောက်ချက်ချလိုက်တယ်။

တဖက်မှာ လူသေအလောင်းရဲ့ ဦးဏှောက်တွေကို လေ့လာခဲ့တဲ့ Eszter Boldog နဲ့အဖွဲ့က ၂၀၁၈ စက်တင်ဘာလထုတ် Nature Neuroscience ဂျာနယ်မှာ လူတွေရဲ့ဦးဏှောက် မှာပဲ တွေ့ရတဲ့ gamma-aminobutyric acid (GABA) ထုတ်လုပ်တဲ့ နာဗ်ဆဲလ် အသစ်တစ်မျိုးကို တွေ့ရှိကြောင်း ဖော်ပြခဲ့တယ်။ လူ့ဦးဏှောက်ရဲ့ cortical layer 1 မှာ တွေ့ရတဲ့ အဲဒီနာဗ်ဆဲလ်အသစ်ရဲ့ axons တွေမှာ နှင်းဆီပန်းရဲ့အသီး (rose hip) နဲ့တူတဲ့ ဖုလုံးတွေပါနေလို့ သူ့ကို Rosehip cells လို့နာမည်ပေးလိုက်တယ်။ အရင်သူတို့ ကြွက်ရဲ့ ဦးဏှောက်တွေကို စစ်ဆေးခဲ့တာတွေမှာ ဒီလို နာဗ်ဆဲလ်မျိုး မတွေ့ခဲ့ဘူးလို့ဆိုတယ်။

နာဗ်ဆဲလ် သန်းပေါင်းတစ်သိန်း နီးပါးရှိပြီး နာဗ်ဆဲလ်တစ်ခုချင်းက နောက်ထပ် နာဗ်ဆဲလ် ၁၀၀၀၀ ​လောက်စီနဲ ချိတ်ဆက်နေကြလို့ သူတို့အချင်းချင်းကြား ဆက်သွယ်ထားတဲ့ ချိတ်ဆက်ပေါင်း ၁၀ ထရီလီယံ လောက်ရှိတဲ့ လူ့ဦးဏှောက်ကို စူးစမ်းနေရတာဖြစ်လို့ ထင်မထားတဲ့နေရာတွေမှာ အရေးပါတဲ့ လုပ်ဆောင်ချက်တွေနဲ့ သက်ဆိုင်တဲ့ ဆဲလ်တွေ သဘောတရားတွေ အများကြီး ထပ်တွေ့လာနိုင်စရာ ရှိပါတယ်။

အခုအချိန်အထိ တစ်စွန်း တစ်စ တွေ့ကြ ပြောကြတဲ့ အချက်တွေအရ လူသားရဲ့ အသိစိတ်ဆိုတာကို သိပ္ပံပညာရှင်တွေ လက်ဆုပ်လက်ကိုင် ပြပေးနိုင်ဖို့ အလှမ်းဝေးနေဆဲပဲ ရှိပါသေးတယ်။ သိပ္ပံပညာရဲ့ လက်နက်ကရိယာတွေကို အသုံးချပြီး လူတွေရဲ့ အသိစိတ်ကို အဖြေထုတ်လာနိုင်ပါ့မလားလို့ သံသယတွေ ဖြစ်လာနေတာတွေလဲရှိနေတယ်။

သိပ္ပံပညာက အချက်အလက်တွေကို လေ့လာတယ်၊ စမ်းသပ်ချက်တွေလုပ်ပြီး ခန့်မှန်းထားချက်တွေနဲ့ ကိုက်မကိုက် ကြည့်ကြတယ်။ ဒီနည်းတွေက မမြင်နိုင်တဲ့ အသိစိတ်ကို စစ်ဆေးဖို့ မဖြစ်နိုင်။ သိပ္ပံပညာက မမြင်ရတဲ့ ​အက်တမ်တွေ ကို သူတို့အထဲမှာပါတဲ့ အများကြီးပိုသေးတဲ့ electron, proton, neutron တွေနဲ့ သူတို့ရဲ လျှပ်စစ် ဖို မ ဖြစ်တည်မှု တွန်းကန်တယ် ဆွဲငင်တယ်ဆိုတဲ့ အပြုအမူတွေ အထိ သိထား သက်သေပြထားနိုင်တယ်။ အက်တမ်အဆင့်မှာတောင် သိစိတ်ရှိသလိုမျိုး ပြောသူတွေရှိတယ်။ ဒါပေမဲ့ မမြင်ရတဲ့ စိတ်ရဲ့သဘောတွေကို လက်ဆုပ်လက်ကိုင် ပြနိုင်ဖို့ အလှမ်းဝေးနေပါသေးတယ်။

၂၀၂၁ ခရစ္စမတ်နေ့မှာ James Web telescope ကို အာကာသထည်းကို လွှတ်တင်ခဲ့တယ်။ နောက် ၆ လကစပြီး အာကသရဲ့ အရင်က မမြင်ဖူးသေးတဲ့ ဓာတ်ပုံတွေ အမြောက်အများ စပြီး ပို့လာတယ်။ အလင်းနှစ် သန်း ၃၉၀ လောက် အဝေးမှာရှိတဲ့ Sagittarius B2 လို့အမည်ပေးထားတဲ့ ဓာတ်ငွေ့တွေ မြူမှုံတွေပါတဲ့ တိမ်တိုက်ထည်းမှာ ethylene formate ဆိုတဲ့ မော်လီကြူးတွေကို ပညာရှင်တွေ ရှာတွေ့ကြတယ်။ Ethylene formate က rasberries သီးတွေမှာပါတဲ့ အရသာဖြစ်တဲ့ မော်လီကြူးပါ။ ဒါကြောင့် အာကာသကြီးက rasberry အရသာမျိုးရှိလိမ့်မယ်။ Ethylene formate ရဲ့အနံ့က rum အရက်နဲ့တူတယ်။ ISS အာကာသယာဥ်မှူးတွေ ပြောစကားအရ အအာကာသယာဥ် အပြင်ထွက်ပြီးပြန်ဝင်လာတဲ့အခါ ပါလာတဲ့ အနံ့တွေက အသားတွေ မုံ့တွေ တူးတဲ့အနံ့၊ ပစ်ခတ်ပြီးချိန်မှာ ထွက်လာတဲ့ ယမ်းနံ့၊ လျှပ်စစ်ဂဟေဆော်တဲ့ အနံ့မျိုး ပါလာတယ်လို့ ဆိုတယ်။ Rosetta ယာဥ်မှူးတွေက ကြက်ဥပုပ်နံ့ ကြောင်သေးနံ့လိုမျိုး နံတယ်လို့ဆိုတယ်။ အာကာသကြီးကလဲ အနံ့တွေ အရသာတွေ ရှိနေတယ်။

ရူပဗေဒပညာရှင်တွေက လောကကြီးမှာ ဖြစ်တည်နေသမျှကို စူးစမ်း တွေးခေါ်ပြီး အယူအဆတွေထုတ်ခဲ့ကြ ထုတ်နေကြတယ်။ အိုင်စတိုင်းက relativity theory ကိုဖော်ထုတ်တယ်။ စကြာဝဠာကြီးထဲမှာ black hole တွေရှိတယ်လို့ မှန်းဆခဲ့တယ်။ သူမှန်းဆတဲ့အတိုင်း တကယ်လဲရှိနေတယ်ဆိုတဲ့ အထောက်အထားတွေကို နောက်ပညာရှင်တွေက ထုတ်ပြောလာကြတယ်။ သိထားပြီးသား ရုပ်ဝတ္ထုတွေနဲ့မတူတဲ့ dark matter ဆိုတာရှိလိမ့်မယ်လို့ သင်္ချာပညာရှင် Lord Kelvin က ၁၈၈၄ ခုနှစ်မှာ စပြောခဲ့တယ်။ သူ့အယူအဆကို သက်သေပြဖို့ နောက်လူတွေက အမျိုးမျိုးကြိုးစားခဲ့ကြတယ်။ Dark matter ဟာ black hole တွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်မယ်လို့ ယူဆသူတွေရှိတယ်။ တချို့ကလဲ dark matter က အရောင်မဲတာမဟုတ် မမြင်ရတာဖြစ်မယ်လို ခန့်မှန်းတယ်။ Dark matter ဆိုတာ အလင်းရောင်တွေ electromagnetic field တွေကို မတုန့်ပြန်၊ ဆွဲငင်အားနဲ့ စမ်းလို့ရနိုင်၊ general relativity theory နဲ့ မရှင်းပြနိုင်တဲ့ ပစ္စည်း အမျိုးအစားလို့ ခန့်မှန်းကြတယ်။ စကြာဝဠာကြီးက သာမန်ပစ္စည်း (normal matter) တွေအပြင် dark matter, dark energy တွေနဲ့ ပေါင်းစပ် ဖွဲ့စည်းထားတယ် ဆိုတဲ့ ယူဆချက်ရှိတယ်။

ယနေ့ ထိ cosmologists တွေက စကြဝဠာ ကြီးဟာ လွန်ခဲ့တဲ့ နှစ် ၁၃.၈ ဘီလီယံ ကစတင် ဖြစ်ပေါ်လာခဲ့ပြီး မရပ်မနား ပြန့်ကျယ်လာနေတယ်လို့ ယုံကြည်ထားကြတယ်။

အခု ၁၅ - ၃ - ၂၀၂၄ ရက်ထုတ်တဲ့ The Astrophysical Journal မှာပါတဲ့ ကနေဒါနိုင်ငံ University of Ottawa ရဲ့ ထင်ရှားတဲ့ ရူပဗေဒ ပါမောက္ခ Rajendra P. Gupta ရဲ့ စာတမ်းက စကြဝဠာကြီးမှာ ordinary matter 5% လောက်ပဲပါပြီး dark matter က 27% လောက်ပါနေတယ်ဆိုတဲ့ အယူအဆကို စိန်ခေါ်ထားတာတွေ့ရတယ်။ သူက စကြဝဠာကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၂၇ ဘီလီယံ ရှိပြီး dark matter ဆိုတာ ရှိမနေဘူးလို့ဆိုလိုက်တယ်။

အလျား အနံပဲရှိတဲ့ 2D ဓာတ်ပုံကို အလျား အနံ ထု သုံးဖက်ဖြစ်အောင် ပုံရိပ်ထိုးပြီး ရုပ်ကြွ ပုံဖော်ပေး တဲ့ hologram နည်းပညာတွေ ထွက်ပေါ်လာပြီး 3D ရုပ်ရှင်တွေပါ ထုတ်လုပ်လာတဲ့ အချိန်မှာ၊ theoretical physicist တွေဖြစ်ကြတဲ့ အမေရိကန်နိုင်ငံ Stanford University က ပါမောက္ခ Leonard Susskind နဲ့ နယ်သာလန်နိုင်ငံ Utrecht University က ပါမောက္ခ Gerald 't Hooft တို့က စကြဝဠာကြီးဟာ အဲဒီလို hologram ဖြစ်နေမလားလို့ တွေးလာကြတယ်။ ပထမဆုံး ထုတ်ပြောသူက ၁၉၉၉ မှာ Nobel Prize in Physics ရထားတဲ့ Gerald t' Hooft ပါ။ ပါမောက္ခ Susskind က hologram အယူအဆကို ပိုရှင်းအောင်ထပ်ပြော လိုက်တာ။ သူတို့က relativity ရဲ့ space-time ကို quantum နဲ့ ပေါင်းစပ်ပြီး၊ သင်္ချာနည်းအရ အဖြေထုတ်ကြည့်တော့၊ ရှိတာက 2D surface ဖြစ်မယ်၊ မြင်ရတဲ့ အစက် အမှုံတွေပါတဲ့ စကြဝဠာပုံရိပ်က resolution ပြတ်သားတဲ့ 3D hologram ဖြစ်နေတာလို့ဆိုတယ်။

Quantum mechanics ကလဲ အဲဒီအစက်အမှုံတွေကြောင့် မြင်ကွင်းကို ဝါးသွားစေနိုင်တယ်လိုဆိုတယ်။ US Department of Energy က တည်ဆောက်ထားတဲ့ Fermi National Accelerator Laboratory ကလဲ ၂၀၁၄ ကစပြီး သူတို့ရဲ့ Holometer နဲ့ အချက်အလက်တွေစပြီး ရှာဖွေ မှတ်တမ်းတင်နေ​ပြီလို့ဆိုတယ်။

12/04/2024

မြင်တာတွေရယ် ကြားတာတွေရယ် သိတာတွေရယ်

လူတွေက သတ္တလောကမှာ အဆင့်အမြင့်ဆုံး။ မြင်နိုင် ကြားနိုင် အနံ့ခံနိုင် အရသာခံနိုင် အထိအတွေ့အာရုံခံစားနိုင် တွေးခေါ်နိုင်တဲ့ သိစိတ်ရှိတယ်။ ရုပ်ကိုအခြေခံပြီး လေ့လာသုံးသပ်နေတဲ့ ရူပဗေဒ ဓာတုဗေဒ ဇီဝဗေဒ စတဲ့ သိပ္ပံဘာသာရပ်နယ်ပယ်တွေက ပညာရှင်တွေ သုတေသီတွေ ရှေးရှေးကတည်းက consciousness ဆိုတဲ့ သိစိတ်ကို နားလည်ဖို့ ကြိုးစားခဲ့ကြပေမဲ့ အဖြေရှာနေဆဲ အငြင်းပွားနေဆဲ ကြိုးစားနေကြဆဲပါ။

ကမ္ဘာကြီးမှာ လွန်ခဲ့တဲ့ နှစ် ၅၄၁ သန်း နဲ့ သန်း ၅၃၀ ကြားကာလ အတွင်းမှာ အမြင်အာရုံစပြီး ဖြစ်ပေါ်လာခဲ့တာလို့ ဆိုတယ်။ အဲဒီမတိုင်ခင်က သက်ရှိအများစုက အကန်းတွေ။ တချို့က အလင်းအမှောင်ခွဲသိကြပေမဲ့ ကွဲကွဲပြားပြား မမြင်ကြ။ မျက်စေ့အကြည်ဓာတ် ရလာတဲ့အတွက် စားစရာကိုမြင်နိုင်သလို ရန်သူကိုလဲသိနိုင် ရှောင်နိုင်လာတယ်။ အမြင်အာရုံစရပြီးနောက်ပိုင်း နှစ် ၁၅ သန်းလောက်အတွင်းမှာ ပုံသဏ္ဌာန် အရောင်အသွေး အပြုအမူ ကွဲပြားတဲ့ တိရစ္ဆာန်အမျိုးအစား အမြောက်အများ ပေါ်ထွက်လာခဲ့တာပါ။ အဲဒီကာလကို Cambrian explosion လို့ အမည်ပေးကြတယ်။

ကနေ့ လူတွေရဲ့ စက္ခုအာရုံကို ရနေတာက အဲဒီနှစ်သန်း ၅၀၀ ကျော်မှာရှိတဲ့ ဘက်တီးရီးယားတွေဆီက ရလာတာလို့ဆိုတယ်။ မျိုးဗီဇ စိပ်ဖြာလေ့လာသူတွေက အမြင်ဓာတ်ရဲ့အခြေခံဖြစ်တဲ့ PAX6 protein ကို ထုတ်တဲ့ PAX6 gene ကို ရလာခဲ့တာကို အခြေခံပြီးပြောကြတာ။ လူအပါအဝင် ကြောရိုးရှိတဲ့ တိရစ္ဆာန်တွေရဲ့ ပြီးပြည့်စုံတဲ့ မျက်လုံးဖြစ်ပေါ်လာတာက လွန်ခဲ့တဲ့ နှစ်သန်း ၁၀၀ လောက်ကမှပါ။

သက်ရှိတွေရဲ့ သိစိတ်ကိုဖြစ်စေတဲ့ အာရုံငါးပါးမှာ အထိအတွေ့အာရုံ နဲ့ အနံ့ကိုသိတဲ့ ဂန္ဓာရုံ တွေက ပထမဖြစ်ပေါ်လာကြတာ။ လွန်ခဲ့တဲ့ နှစ်သန်း ၇၀၀ က သက်ရှိတွေဟာ ဒီအာရုံ တွေကို အသုံးပြုပြီး ရှင်သန်လာခဲ့ကြတာ လို့ ဆိုတယ်။

အထိအတွေ့ကို သိတဲ့ ဖောဋ္ဌဗ္ဗရုံ နဲ့ အရသာကိုသိတဲ့ ဇီဝှာရုံတွေက အဆင်း အသံ အနံ့ တွေကိုသိရသလို အဝေးကအာရုံတွေကို လှမ်းပြီးသိနိုင်ကြတာမျိုး မဟုတ်ပဲ အနီးကပ် တိုက်ရိုက်ထိတွေ့မှ အာရုံခံစားနိုင်ကြတာ။ အထိအတွေ့ကိုသိတာက သက်ရှိအားလုံးမှာ ပထမဆုံး ဖြစ်ပေါ်တဲ့အာရုံပါ။

အရသာကိုသိမှုက လွန်ခဲ့တဲ့ နှစ်သန်း ၅၀၀ ကျော်လောက်မှာ စဖြစ်လာတာလို့ ယူဆကြတယ်။ လူတွေက ချိုတယ် ငန်တယ် ချဥ်တယ် ခါးတယ် အရသာရှိတယ် လို့ ငါးမျိုးခွဲပြီးသိတယ်။လူတွေရဲ့လျှာမှာ ရသာရုံကို လက်ခံပေးတဲ့ receptors တွေရှိနေတဲ့ taste bud ၁၀၀၀၀ လောက်ပါတယ်။ ငါးခူတွေမှာ taste bud တစ်သိန်း က ၁၇၅၀၀၀ လောက်အထိရှိနေတယ်။ အရသာကို လျှာကသိတယ်ဆိုပေမဲ့ ငါးခူတွေမှာ taste buds တွေက ငါးခူရဲ ကိုယ်လုံးပေါ်မှာ နေရာအနှံ့ရှိနေကြပြီး ရေထည်းမှာ ရှိတဲ့ စားစရာ ဘယ်နားမှာရှိသလဲ ကိုပါ သိနိုင် ရှာစားနိုင်ပြီး အရသာခံနိုင်ကြတယ်။ ကြက်တွေက အရသာခံစားနိုင်မှု အနည်းဆုံးဖြစ်နိုင်တယ်။ သူတို့ရဲ့လျှာမှာ taste bud နှစ်ဒါဇင်လောက်ပဲပါကြတယ်။ ကြောင်နဲ့ ငှက်တွေမှာ အများစုက ချိုတာကိုမသိကြ။

အနံ့တွေကို သိလာတာ လွန်ခဲ့တဲ့ နှစ်သန်း ၇၀၀ လောက်လို့ဆိုကြပေမဲ့ ကနဦးမှာ နှာခေါင်းလို အင်္ဂါမျိုးမရှိသေးပဲ အနံ့ကို အာရုံခံနိုင်တဲ့ receptors တွေပဲရှိကြတာ။ သူတို့ နဲ့ဆိုင်တဲ့ genes တွေပဲရှိနေကြတာ။ နောက်နှစ် သန်း ၂၀၀ ကြာတော့မှ နှာခေါင်းပါတဲ့ငါးတွေ ဖြစ်ပေါ်လာတယ်လို့ဆိုတယ်။ ငါးက ရေကူးသွားချိန်မှာ ရေထည်းက အနံ့ရှိတဲ့ မောလီကြူးတွေကို ထိတွေ့ပြီး အာရုံခံတာပါ။

နို့တိုက်သတ္တဝါတွေရဲ့ Chromosomes တွေမှာ အနံ့တွေကို လက်ခံပေးတဲ့ olfactory receptor genes တွေ ရှိနေတဲ့ နေရာက မိတ္တူမှားကူးနိုင်တဲ့ နေရာ လို့ဆိုတယ်။ တစ်ခါ တစ်ရံ နှစ်ကြိမ်ကူးမိပြီး gene နှစ်ခုရှိလာတတ်တယ်။ ပိုကူးမိတဲ့ gene က သန္ဓေပြောင်းပြီး (mutation ဖြစ်ပြီး) အနံ့သိအောင် မစွမ်းဆောင်နိုင်တဲ့ pseudogene ဖြစ်သွားတတ်တယ်။ နို့တိုက်သတ္တဝါတွေမှာ အနံ့ကိုသိတဲ့ olfactory receptor genes နဲ့ pseudogenes ​ထောင်ချီပြီးစီ ပါနေတယ်လို့ဆိုတယ်။ လူတွေမှာ ဒီလို genes ၈၅၀ ကျော်ရှိပြီး၊ ၅၅% လောက်က အနံ့အာရုံခံမဲ့ receptors တွေ ထုတ်လုပ်မပေးနိုင်တဲ့ pseudogene တွေပါ။ လူတွေ တစ်ယောက်နဲ့ တစ်ယောက်လဲ အနံ့သိပုံ မတူကြဘူး။

နို့တိုက်သတ္တဝါတွေရဲ့ အကြားအာရုံက လွန်ခဲ့တဲ့ နှစ်သန်း ၂၅၀ လောက်မှာမှ စပြီးဖြစ်ပေါ်လာခဲ့တာ။ ကျောက်ဖြစ်ရုပ်ကြွင်းသုတေသီတွေက ကြောရိုးရှိတဲ့သတ္တဝါတွေမှာ လွန်ခဲ့တဲ့ နှစ် သန်း ၂၉၀ လောက်ကတည်းက နားစည်နဲ့တူတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ရှိနေကြတယ်လို့ဆိုတယ်။ နားက ဦးခေါင်းပိုင်းမှာ ပါးစပ်နဲ့ ဆက်စပ်ပြီးရှိနေတာ။ နားရဲ့အတွင်းပိုင်း (labryrinth) အထည်းမှာရှိတဲ့ အစိတ်အပိုင်းတွေက အကြားအာရုံကို သိရှိခံစားသလို ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကိုသိရှိပြီး ခန္ဓာကိုယ်ကို တည့်မတ်အောင် ထိန်းပေးတာမျိုးအထိ ပါဝင်ပတ်သက်နေတယ်။ နားက ခေါင်းပိုင်းမှာပဲ ရှိတာမဟုတ်၊ တချို့ အင်းဆက်တွေမှာ အသံအာရုံကိုလက်ခံနိုင်တဲ့ tympanal organ တွေက ခြေထောက်မှာ ရှိနေကြတယ်။

အသံကို ထုတ်လုပ်လာနိုင်တာလဲ သက်ရှိတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အရေးပါခဲ့တယ်။ အသံပေးနိုင် အသံကို အာရုံခံနိုင်တာကြောင့် အချင်းချင်း ဆက်သွယ်လို့ရလာကြတာ။ ပါးစပ်ကအသံထုတ်တဲ့ လူတွေ တိရစ္ဆာန်တွေရဲ့ အသက်ရှူလမ်းကြောင်းမှာ အသံထုတ်တဲ့ အသံအိုး (larynx) ပါသလို ငှက်တွေမှာ syrinx ပါတယ်။ ပုရစ်လို အင်းဆက်တွေက ခြေထောက်က စူးချွန်လေးတွေကို အတောင်ပံနဲ့ ရိုက်ခါပြီး အသံထုတ်ကြတယ်။

ကုန်းပေါ်က ကျောရိုးရှိတဲ့ တိရစ္ဆာန်တွေ ဖားတွေ နို့တိုက်တိုက်သတ္တဝါတွေ ငှက်တွေက အသံပေးဆက်သွယ်တဲ့အလုပ်ကို လွန်ခဲ့တဲ့ နှစ် သန်း ၂၀၀ လောက်ကပဲ လုပ်လာတာလို့ဆိုတယ်။ တိရစ္ဆာန်တွေ အသံပေးဆက်သွယ်တာက အထီးအမကြား အုပ်စုတူတွေကြား အကြီးအငယ်ကြား အချက်ပေးတာမျိုး လောက်ပဲ လုပ်နိုင်ကြပြီး ဘာသာစကား အဆင့်အထိ ဖွံ့ဖြိုးမလာခဲ့။ အိမ်မှာမွေးထားတဲ့ ကြက်တူရွေး သာလိကာလို ငှက်တွေက လူစကားကို ပြောတတ်လာကြတယ်။ ဒါပေမဲ့ နောက်တစ်ကောင်ကို သူ့လိုပြောနိုင်အောင် သင်မပေးတတ်ကြ။

လူတွေမှာ စကားပြောလာနိုင်တာဟာ အကြားအာရုံ ရရှိခဲ့တာကြောင့် လို့ဆိုတယ်။ စကားပြောတာအ​ပြင် စာကိုပါဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ထိရောက်တဲ့ သင်ပေး သင်ယူတာတွေ လုပ်နိုင်ပြီး ဆင့်ကဲတိုးတက်ဖွံ့ဖြိုးမှု မြန်ဆန်ခဲ့တာပါ။ ဒါ့​ကြောင့် လူရဲ့ အသိစိတ် consciousness က တိရစ္ဆာန်တွေထက် အဆင့်အများကြီး မြင့်သွားတာ။

မျက်စေ့ နား လျှာ နှာ ကိုယ် ဆိုတာတွေမှာ ခံစားထိတွေ့ရတာကို နာဗ်ကျောတွေက သတင်းပို့လို့ ဦဏှောက်ဆီရောက်သွားပြီး မြင်တယ် ကြားတယ် အရသာတွေ အနံ့တွေ အထိအတွေ့ခံစားမှုတွေကို သိတဲ့စိတ်တွေ ဖြစ်တာ။ လူနဲ့ တိရစ္ဆာန်တွေရဲ့ ဦးဏှောက်နဲ့ နာဗ်ကျောတွေရဲ့ ဖွဲ့စည်းမှုက ဆင်တူကြတယ်။ အထူးသဖြင့် ဆဲလ်တွေအဆင့် မော်လီကြူးတွေအဆင့် မှာ ဆင်တူကြတယ်။ ဒါကြောင့် လူ့ဦးဏှောက်ကို နားလည်သိရှိနိုင်ဖို့အတွက် 3.0 mm လောက်အရွယ် သစ်သီးယင်ကောင်လေး (Drosophila melanogaster) တွေနဲ့ 1.0 mm အရွယ် သန်ကောင်လေး (Caenorhabditis elegans) တွေရဲ့ ဦးဏှောက်အာရုံကျောအဖွဲ့ကို နမူနာထားပြီး လေ့လာနေကြတာ။

ဦးဏှောက် အာရုံကျောအဖွဲ့တွေ သိပ်မကွာခြားပေမဲ့ လူတွေရဲ့ သိစိတ်က တိရစ္ဆာန်တွေရဲ့ သိစိတ်ထက် အဆမတန် မြင့်မားပါတယ်။

ပြင်သစ် သဘာဝဗေဒ၊ သင်္ချာနဲ့ အာကာသသိပ္ပံပညာရှင် Georges-Louis Leclerc က လူတွေမှာ တိရစ္ဆာန်တွေနဲ့ ကွာတာ တင်ပါး လို့ဆိုတယ်။ တိရစ္ဆာန်တွေမှာ တင်ပါးလို အစိတ်အပိုင်း မတွေ့ရဘူးလို့ဆိုတယ်။ (တင်ပါးက consciousness နဲ့ သက်ဆိုင် တယ်လို့တော့ ပြောမသွားဘူး။)

လူတွေရဲ့ အသိစိတ် ဆိုတဲ့ consciousness ကို အကျဥ်းဆုံး အဓိပ္ပါယ်ဖွင့်ချက်က ''ကိုယ့်ကိုယ်ကိုသိတာနဲ့ ကမ္ဘာလောကကြီးကိုသိတာ'' ပါ။

စိတ္တဗေဒ ပညာရှင်တွေက မှန်စမ်းသပ်ချက် (mirror test) ဆိုတာနဲ့ တိရစ္ဆာန်တွေ ကိုယ့်ရုပ်ကို သိနိုင်စွမ်းရှိမရှိ စစ်ဆေးကြတယ်။ မျောက်မျိုးနွယ်တွေ လင်းပိုင်အပါအဝင် ငါးတစ်ချို့ ဆင် မြင်း နဲ့ သပိတ်လွယ်ငှက် (magpies) တွေက မှန်ကြည့်ပြီး ကိုယ့်ရုပ်မှန်း သိကြတယ်။ ခွေး နဲ့တခြားတိရစ္ဆာန်တွေက မသိကြဘူး။ခလေးငယ်တွေက အသက် တစ်နှစ်ခွဲလောက်မှာ မှန်ထည်းက သူ့အရိပ်ကို သူပါလို့ သိနိုင်ကြတယ်။

လူသားတွေက ကိုယ့်ကိုယ်ကို သိယုံမက ကိုယ်တွင်းက ကလီစာတွေမှာပါတဲ့ မတူတဲ့ ဆဲလ်တွေအကြောင်းအထိသိတယ်။ ပြင်ပကမ္ဘာလောကကြီးအကြောင်းကိုလဲ အသေးဆုံးဆိုတဲ့ အက်တမ် တွေထည်းက electron, proton, neutron တွေ နဲ့ သူတို့ထက်သေးတဲ့ sub-atomic matter တွေအထိ သိသလို စကြဝဠာ တစ်ခွင်ကို မှန်ပြောင်းအဆင့်ဆင့်နဲ့ မြင်တွေ့ပြီး သိတယ်။ ဒါပေမဲ့ လူတစ်ဦးချင်းစီရဲ့ သိနိုင်စွမ်းတွေက မတူကြဘူး။ သင်ယူတတ်မြောက်မှု နဲ့ မှတ်သားနိုင်စွမ်း ထိုးထွင်းကြံဆနိုင်စွမ်း တွေအပေါ်မူတည်ပြီး ကွာခြာချက် အများကြီးရှိတယ်။

လူသားတွေ ရဲ့အသိစိတ်က တိရစ္ဆာန်တွေမှာတွေ့ရတဲ့ အချင်းချင်းဆက်သွယ်တာ၊ ဆော့ကစားတာ နဲ့ ပစ္စည်းကရိယာတွေအသုံးပြုတာဆိုတဲ့ အမူအကျင့် သုံးခုကို အခြေခံပြီး ဖြစ်ပေါ်လာခဲ့တာလို့ Boris Kotchoubey က ၂၃ ဧပြီ ၂၀၁၈ Frontiers in Psychology ဂျာနယ်ဆောင်းပါးမှာ ဖော်ပြထားတယ်။ တိရစ္ဆာန်တွေမှာလည်း ရှိနေကြပေမဲ့ လူတွေရဲ့ ဒီအမူအကျင့်သုံးမျိုး ပေါင်းစည်းလုပ်ဆောင်ပုံက လုံးဝ အထူးသီးသန့် ဖြစ်သွားတယ်လို့ ဆိုတယ်။

လူတွေက စကားတွေ ထွင်ပြီး အချင်းချင်း ပြောဆိုဆက်ဆံတယ်။ လုပ်စရာ ပြောစရာကို တွေးတောနိုင်တယ် ကြံဆနိုင်တယ် မှတ်သားနိုင်တယ် မှတ်မိတာတွေကို ပြန်တွေးကြည့်နိုင်တယ်။ အချစ် အမုန်း ဝမ်းသာ ဝမ်းနည်း တက်ကြွ စိတ်ကျ စိတ်ပျက် စတဲ့ စိတ်ရဲ့ သဘောတွေကို ခံစားနိုင် သိနိုင်တယ်။

လူတိုင်း လူတိုင်း သူ့ကိုယ်သူလဲသိတယ်၊ သူ့မှာ တွေးနိုင် ခံစားနိုင်တဲ့ သိစိတ် ရှိတာလဲ သိတယ်။ တချို့က ဘာတွေရှေ့မှာဖြစ်လာမယ်လို့ ခန့်မှန်းတွေးဆနိုင်တယ်၊ တချို့က ထူးထူးခြားခြား အတိအကျ ကြိုပြီးသိတယ်။ ခက်နေတာက သိတာတွေကို ပြောပြလို့ရပေမဲ့ လက်တွေ့ ဆုပ်ကိုင်ပြ တိုင်းတာပြလို့ မရတာပဲ။ သိပ္ပံပညာက အတိုင်းအတာတွေ လက်တွေ့ ထပ်လုပ်နိုင်တာတွေနဲ့ အကဲဖြတ်တာကိုပဲ လိုချင်တယ်။

(ဆက်ပြီး ရေးပြပါဦးမယ်)

Address

111, Sabae Road, Htanbingone, Sawbwagyigone, Insein
Yangon
11013

Alerts

Be the first to know and let us send you an email when Dr Aung Myint - မွေးမြူရေးအတွက်ကာကွယ်ဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category


Other Veterinarians in Yangon

Show All