27/06/2017
ခွေးလေးများတွင် ဖြစ်ပွားတတ်သော ကုသရန်ခက်ခဲသော Distemper (ခွေးကျောက်ရောဂါ)ကို အချိန်မီ ကြိုတင်ကာကွယ်ရန်အတွက် မဖြစ်မနေ ကာကွယ်ဆေးများထိုးပေးရန် မည်မျှ အရေးကြီးလိုအပ်ပါကြောင်းကို ဗဟုသုတအဖြစ် သိရှိစေရန် တင်ပြပေးလိုက်ပါသည်။
Admin (ကစ်တီပါပီမဂ္ဂဇင်း)
-------------------------------------------------------------------------------------
Distemper (ခွေးကျောက်ရောဂါ)
ခွေးကျောက်ရောဂါသည် ခွေးတစ်ကောင်မှတစ်ကောင်သို့ ကူးစက်မှုအများဆုံးသော ဗိုင်းရပ်စ် ရောဂါတစ်မျိုးဖြစ်သည်။ ယင်းသည် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး လူတွင်ဖြစ်တတ်သော ဝက်သက်ရောဂါပိုးနှင့် ဆက်နွှယ်မှုရှိသည်။ ရောဂါဖြစ်နေသော ခွေးနှင့်အတူနေခြင်းကြောင့်လည်းကောင်း၊ အသက်ရှုသော လေထဲမှလည်းကောင်း ကူးစက်နိုင်သည်။ ရောဂါပျိုးချိန် ( ရောဂါလက္ခဏာ တစ်စုံတစ်ရာမပြခင် ကြာမြင့်သောအချိန်) မှာ ခုနှစ်ရက် ကိုးရက်ထိကြာမြင့်လေသည်။
(ရောဂါလက္ခဏာများ) ။ ။ ပထမဦးဆုံးလက္ခဏာမှာ ကိုယ်လက်မအီမသာဖြစ်ပြီး ၁၀၃-၁၀၅ ဒီဂီရီ ဖာရင်ဟိုက်ထိ အဖျားတက်တတ်သည်။ အကယ်၍ ကာကွယ်ဆေးမထိုးထားသော ခွေးဖြစ်ပါက ဗိုင်းရပ်စ်သည် ခန္ဓာကိုယ်တစ်ခုလုံးပျံ့နှံ့သွားပြီး ဒုတိယအကြိမ် အဖျားထပ်တက်စေသည်။ ထိုအခါ ခွေးသည်အလွန်အမင်းအားနည်းလာမည်။ အစာမစားခြင်း၊ မျက်ဝတ်များထွက်ခြင်း၊ နှာရည်ကျခြင်း၊ ချောင်းဆိုးခြင်း၊ အဆုတ်ရောင်ခြင်းနှင့် အများစုမှာ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ကို တွေ့ရသည်။ ယင်းလက္ခဏာများသည် အခြားသော ရောဂါလက္ခဏာများနှင့် ဆင်တူရိုးမှားဖြစ်သဖြင့် သေချာစွာစစ်ဆေးရန်လိုပေသည်။ အဘယ်ကြောင့်ဆိုသော် ခွေးကျောက်ရောဂါဗိုင်းရပ်စ်သည် ဦးနှောက်ကို တိုက်ခိုက်ပြီး အကြောဆွဲ၍ တက်ခြင်းမှ သေဆုံးခြင်းအထိ ဖြစ်နိုင်သောကြောင့်ဖြစ်သည်။
တစ်ခါတစ်ရံ ခွေးပိုင်ရှင်သည် ခွေးကျောက်ရောဂါ၏ ဦးဆုံးလက္ခဏာများကို သတိမပြုမိပါက ကုသမှုလည်းမပြုမိပါက အာရုံကြောနှင့် ဦးနှေက်ကို ထိခိုက်ပြီး မကြာခဏအကြောဆွဲ၍ တက်ခြင်း၊ ခေါင်းနှင့်မေးရိုးများပါ အကြောဆွဲခြင်း၊ သွားကြိတ်ခြင်း၊ ကောင်းစွာမရပ်နိုင်ခြင်းများဖြစ်တတ်သည်။ ဤအဆင့်သို့ရောက်လျင် မကြာခင်သေဆုံးသွားမည်ဖြစ်သည်။အကယ်၍ အသက်ရှင်နေလျင်လည်း ဤအကြောဆွဲလက္ဂဏာများ ကျန်ရစ်ခဲ့ပေသည်။
(ကုသခြင်း) ။ ။ ကျောက်ရောဂါသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်ရသည့်အတွက် ကုသရန်ခဲယဉ်းသည်။ ဂရုတစိုက်ပြုစုပေးခြင်း၊ အဟာရဝင်အောင် ဂရုစိုက်ကွေုးပေးခြင်း၊ နောက်ထပ်ဘက်တီးရီးးယားပိုးများ မဝင်နိုင်အောင် ပဋိဇီဝဆေးများတိုက်ကွေုးခြင်း သို့မဟုတ် ထိုးပေးခြင်းဖြင့် ဤရောဂါဆိုးကြီးမှ ရံဖန်ရံခါလွတ်မြောက်စေနိုင်လေသည်။ တိရစ္ဆာန်ဆေးကုဆရာဝန်များသည် ဝမ်းပျက်ဝမ်းလျှောသက်သာ စေသည့်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အကြောဆွဲခြင်းသက်သာစေသည့်ဆေးများပေးခြင်း၊ ဂလူးကို့စ်နှင့် အမိုင်နိုအက်စစ်များ သွေးကြောထဲသွင်းပေးခြင်းဖြင့် ကုသပေးကြသည်။
(ကာကွယ်ခြင်း) ။ ။ ကာကွယ်ဆေးထိုးရမည့်အစီအစဉ်အတိုင်း စနစ်တကျထိုးထားသော မိခင်၏ နို့ဦးရည်မှ တစ်ဆင့် ရောဂါခုခံအားကို ခွေးငယ်လေးများရရှိကြသည်။ ထိုခွေးငယ်လေးများကို အသက် ခြောက်၊ ရှစ်ပတ်သားတွင် ကာကွယ်ဆေးစတင် ထိုးရမည်ဖြစ်ပြီး အသက်လေးလမပြည့်ခင် နောက်ထပ်နှစ်ကြိမ်ထပ်ထိုးရမည်ဖြစ်သည်။ ခွေးငယ်လေးများကို ကာကွယ်ဆေးမထိုးရသေးသည့် ခွေးကြီးများနှင့်အတူ မထားရပေ။ ခွေးငယ်လေးများ၏ ကာကွယ်ဆေးအစီအစဉ်ပြည့်စုံသည့် အချိန်မရောက်မချင်း ရောဂါကူးစက်နိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် အသက်ကြီးလာသောအခါမှာလည်းနှစ်စဉ်မှန်မှန် ထိုးပေးရပါမည်။ သတိပြုရန်အချက်မှာ ခွေးကျောက်ရောဂါသည် အသက်အရွယ်မရွေး ဒုက္ခပေးနိုင်သော ရောဂါဖြစ်သည်ဆိုသည့်အချက်ပင်ဖြစ်သည်။
ဒေါက်တာခင်စန်းမော်